အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံစျေးကြီးတစ်ခုကို မြိတ်မြို့တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဧက ၇၀၀ တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်းသိရ

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံစျေးကြီးတစ်ခုကို မြိတ်မြို့တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ဧက ၇၀၀ တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်းသိရ
Published 29 April 2021
ဇော်မိုးဦး(မြိတ်)

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြုပ်နှံမည့် ငါးလေလံစျေးကြီးတစ်ခုကို မြိတ်မြို့တွင် အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ဧက ၇၀၀၀ တွင် စတင် အကောင်ထည်ဖော်မည် ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြိတ်မြို့ ကျွဲကူးကျေးရွာ ကျောက်ဖျာမြစ်ကမ်းတွင် တည်ဆောက်မည့် ငါးလေလံစျေး စီမံကိန်းကြီးတွင် စက်မှုဇုန်စီမံကိန်း၊ ငါးတင်ငါးချဆိပ်ကမ်း၊ လူနေအိမ်ရာများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ဧပြီလ ၂၇ ရက်က တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် မြိတ်မြို့ရှိ လုပ်ငန်းရှင်များ တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြပြီး စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

“အရင်အစိုးရ လက်ထက်က တင်ပြထားတာရှိတယ်။ မပြီးပြတ်သေးလို့ ထပ်တင်ပြတာပါ။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ပြောပါတယ်။ လက်ရှိ ဧက ၇၀၀ လောက်မှာ အကောင်ထည်ဖော်ခွင့် ပေးမယ်လို့တော့ ပြောပါတယ်။ အတည်ပြုချက်တော့ မရသေးဘူး။ လာရောက် စစ်ဆေးတာတော့ ရှိနေပါပြီ။ မကြာခင်မှာ မွေး/ရေ ပြည်ထောင်စုဝန်ကြီး လာရောက် စစ်ဆေးဦးမှာပါ” ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။

ငါးလေလံစျေး စီမံကိန်းကြီးနှင့် ပတ်သက်ပြီး တင်ပြထားသည့် ဧက ၂၀၀၀ ကျော်တွင် ဧက ၇၀၀ အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ပြောကြားထားပြီး ဖြစ်ကြောင်း ၊ မြိတ်ဒေသတွင် လယ်ယာစိုက်ပျိုးမြေ ၆၄ ရာခိုင်နှုန်း ရှိသည့်အတွက် လယ်ယာမြေများ စီမံကိန်းအတွင်း အတတ်နိုင်ဆုံး မပါဝင်သွားစေရန် မှာကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် အဆိုပါစီမံကိန်းအား လုပ်ငန်းကာလ ခုနစ်နှစ် သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်း စတင်သည့်အချိန်မှစပြီး အလုပ်အကိုင် အခွင့်အလမ်း သောင်းနှင့်ချီကာ ရရှိမည် ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဒါရိုက်တာတစ်ဦးက ပြောကြားထားခဲ့သည်။

စီမံကိန်း၏ Pharse-1 တွင် ငါးတင်ငါးချ ဆိပ်ကမ်း၊ အအေးခန်းများ၊ Pharse-2 တွင် ကုန်ကြမ်းများကို အချောထည်လုပ်မည့် စက်ရုံများ၊ Pharse-3  တွင် လူနေအိမ်ရာများနှင့် ဆက်စပ်နေရာများ၊ Pharse-4 တွင် စီမံကိန်းအတွက် ထပ်မံတိုးချဲ့မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းကြီး အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရပြီး အောင်မြင်သွားမယ်ဆိုရင် နှစ်ပေါင်း ၂၀ ကျော်လောက် မှီခိုနေရတဲ့ ထိုင်းငါးစျေးကွက်ကနေ ရုန်းထွက်သွားနိုင်မယ်၊ ထိုင်းနိုင်ငံက မဟာချိုင်ငါးစျေးကွက်ကြီး ယှဉ်ပြိုင်နိုင်မယ်၊ တစ်နှစ်ကို ကုန်တန်ချိန် နှစ်သန်းကျော်အထိ ထုတ်လုပ်နိုင်လိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးသွားနိုင်တယ်”ဟု မြိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။         

Most Read

Most Recent