တစ်ကျော့ပြန် ဖြစ်ပွားလာသည့် COVID-19 ကြောင့် ဂယက်များစွာရင်ဆိုင်နေရသော တရုတ်ဈေးကွက်မှ မြန်မာ့ပို့ကုန်များ

တစ်ကျော့ပြန် ဖြစ်ပွားလာသည့် COVID-19 ကြောင့် ဂယက်များစွာရင်ဆိုင်နေရသော တရုတ်ဈေးကွက်မှ မြန်မာ့ပို့ကုန်များ
တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကားဝင်းအတွင်း ဖရဲသီးများတင်ဆောင်ထားသောယာဉ်များကို ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်ကားဝင်းအတွင်း ဖရဲသီးများတင်ဆောင်ထားသောယာဉ်များကို ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
Published 26 April 2021
ပြည့်စုံ (မူဆယ်)

တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ် တရုတ်နိုင်ငံဘက်အခြမ်းတွင် COVID-19 ကပ်ရောဂါတစ်ကျော့ ပြန်တွေ့ရှိရသော အခြေအနေကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု အခြေအနေများ တုံ့ဆိုင်းလုနီးပါးဖြစ်နေကြောင်း နယ်စပ်ကုန်သည်များထံမှရရှိသော သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက COVID-19 ရောဂါအကြောင်းပြပြီး မူဆယ်မြို့ရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ် မန်းဝန်းနှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များကို ပိတ်ထားပြီး ယူနန်ပြည်နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က တင်းကျပ်သည့် ကုန်တင်ကားဝင်ထွက်မှု စည်းမျဉ်း စည်းကမ်းများကို ဧပြီ ၁၉ ရက်က ထုတ်ပြန်လိုက်သည်။

အဆိုပါ နယ်စပ်ဂိတ်များပိတ်ထားမှုနှင့် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကြောင့် တရုတ်နိုင်ငံ၏ သစ်သီးဈေးကွက်ကို အဓိကဦးတည်ရောင်းဝယ်နေသော သစ်သီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူ တောင်သူများ နှင့် လယ်ယာထွက်ကုန် ထုတ်လုပ်သော တောင်သူများ အခက်အခဲမျိုးစုံနှင့် ဆုံးရှုံးနစ်နာမှုများစွာ ဆက်တိုက်ဆိုသလို ကြုံတွေ့ရင်ဆိုင်နေရသည်။

ယင်းဂယက်ကို အဆိုပါစိုက်ပျိုးထုတ်လုပ်တင်ပို့မှုများနှင့် ဆက်စပ်သော နယ်ပယ်အသီးအသီး၌လည်း လိုက်ပါခံစားနေကြရသည်။

“လက်ရှိ အ‌နေအထားဂယက်ကတော့ လောလောဆယ် လက်ရှိအသီးကားဝင်ရောက်မှုအင်အားနဲ့ သူတို့ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ကတော့ အတော်လေးကို ဒုက္ခရောက်နေတဲ့အနေအထားပေါ့။ လက်ရှိကွင်းပေါ်မှာနဲ့ တရုတ်ပြည်ကိုဝင်ဖို့စောင့်နေတဲ့ ကားအရေအတွက်က ဖရဲ၊ သခွား နှစ်မျိုးပေါင်း အစီးရေ ၂၃၀၀ ဝန်းကျင်လောက်ရှိတယ်။သခွားက အစီး ၇၀၀ လောက်ရယ် ဖရဲက ၁၆၀၀ လောက်ရှိတယ်။ ၁၀၅ မိုင်လမ်းကြောမှာ ရောက်နေတဲ့ အရေအတွက်၊ သူတို့သတ်မှတ်တဲ့ COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ စစ်ဆေးမှုကြန့်ကြာမှုအပိုင်းနဲ့ဆို တစ်ရက်ကို ၄၀၊ ၅၀ လောက်ပဲရှိတယ်။ ကားတစ်စီးကို နာရီဝက်လောက်ကြာမယ်ဆိုရင်ပေါ့။ နောက်ပြီးကျတော့ သူတို့သတ်မှတ်တဲ့ ကားတစ်စီးရဲ့စစ်ခ ကုန်ကျငွေ ၁၈၀၀ ကလည်း ကုန်သည် လုပ်ငန်းရှင်ခံရမယ်ဆိုတော့ နစ်နာချက်ကတော့ အများကြီးနစ်နာမှာ။ ကုန်ကျစရိတ်တိုးလာမယ်။ နောက်ပြီး ဝင်လာတဲ့ ကွင်းပေါ်မှာရှိတဲ့ အစီးအရေအတွက်နဲ့ စောင့်တဲ့ကြာချိန်နဲ့   အသီးတွေ မလတ်မဆတ်ဖြစ်တာနဲ့ ရောင်းကွက်မှာလည်း တချို့ဟိုဘက်ထဲ ရောက်သွားလို့ ဆေးစစ်ခတောင်မရတဲ့ အနေအထားတွေထိအောင် ဖြစ်သွားနိုင်တယ်။ အဲဒီကျ‌တော့ တချို့ကွင်းပေါ်မှာရှိတဲ့ အသီးကားတွေက မဝင်ဘဲနဲ့ မြန်မာပြည်ကို ပြန်လှည့်ကုန်ပြီ။ အနေအထားက ဟိုဘက်မှာ ရှန်တိန်ခက တရုတ်ယွမ်ငွေ တစ်ထောင်ဈေးရှိတယ်။ ဆေးစစ်ခ ၁၈၀၀ ယွမ်။ မြန်မာပြည်ကနေဝင်ဖို့ တရုတ်ပြည်ရဲ့စရိတ်က မြန်မာငွေနဲ့တွက်ရင် ခြောက်သိန်းလောက် ကုန်နေပြီ။ အစ်ကိုတို့ ဝင်ဖို့စောင့်နေတဲ့ ကားအစီးရေ အရေအတွက်ကလည်း ကြန့်ကြာမှုကတချို့ဆို ၁၀ ရက်၊ ၁၅ ရက်လောက်အထိရှိတဲ့ ကားတွေက ရှိနေပြီ။ ရက်လည်းကြာလာပြီဆိုတော့ တချို့ကားဆရာတွေက ဆီဖိုးလောက်တောင်းပြီးတော့ မြန်မာပြည်ကိုပဲ ပြန်လှည့်ပြီး အသီးတွေအလကားပေးပြီး ပြည့်လှည့်သွားတဲ့ အနေအထားဖြစ်ပေါ်နေတယ်။ တောင်သူတွေကတော့ စိုက်ပျိုးစရိတ်ကုန်တဲ့အပြင် ကားခတောင် ထပ်စိုက်ရတဲ့ အနေအထား တောင်ကြုံတွေ့နေရတာပေါ့” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦး‌အောင်သက်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် COVID-19 ရောဂါထိန်းချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ မည်သည့်ကုန်ပစ္စည်းမဆို ပို့ကုန်ကားနှင့် ကုန်တစ်စီးလျှင် COVID-19 ရောဂါပိုး စစ်ဆေးရန် နမူနာအမျိုး ၃၀ လိုအပ်မည်ဖြစ်ပြီး နမူနာတစ်ခုလျှင် ယွမ် ၆၀ ကုန်ကျမည်ဖြစ်ကာ စုစုပေါင်းယွမ် ၁၈၀၀ ကို ကုန်သည်ပွဲစားများက ကုန်ကျခံမည်ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်သို့ သွင်းကုန်ကားနှင့် ဆက်စပ်သော ရှန်တိန်ပွဲစား ကုန်တင်ကုန်ချအလုပ်သမားတို့က မိမိ၏ငွေယွမ် ၆၀ ဖြင့် တစ်ရက်လျှင် တစ်ကြိမ် COVID-19 ရောဂါပိုးစစ်ဆေးခံမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။

ထိုသို့ တင်းကျပ်သောအစီအမံများ ဖြေလျှော့ပေးရန် မူဆယ် ၁၀၅ မိုင်သစ်သီးကုန်စည်ဒိုင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံကုန်သွယ်ရေးဌာနကို စာရေးသားတင်ပြကာ ‌တောင်းဆိုထားကြောင်းသိရသည်။

“အစ်ကိုတို့ ကုန်စည်ဒိုင်အနေအထားနဲ့ကတော့ လက်ရှိအခက်အခဲကို ဒီလောက်အထိ မတင်းကျပ်ဖို့တော့ စာနဲ့ပေါ့။ စီးပွားကူးသန်းရယ်၊ တရုတ်ဘက်ကကုန်သွယ်ရေးရယ် ဒီထက်မြန်ဆန်အောင် ဖြေလျှော့ပေးဖို့ တောင်းဆိုထားတယ်” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦး‌အောင်သက်ဦးက ပြောကြားသည်။

“လောလောဆယ် သူတို့ရည်ရွယ်ချက်က COVID-19 ပဲ။ ကားတစ်စီးပေါ်မှာ ပါလာတဲ့နေရာ၃၀ ပေါ့။ ဖရဲသီးတင်တယ်ဆိုရင် ဖရဲသီးအပါအဝင် ဖရဲသီးနဲ့နွှယ်တဲ့ ကောက်ရိုးနဲ့ခံရင် ကောက်ရိုးလည်းစစ်မယ်။ ပြီးရင် ကားအတွင်းထဲက ကားစတီယာတိုင်ကအစ သူတို့အကြောင်းအမျိုးမျိုးပြတဲ့အစုံပေါ့။ စစ်မယ်ဆိုပြီး သူတို့အကြမ်းဖျင်းပြောထားတာရှိတယ်။ အသေးစိတ်တော့ ကျွန်တော်တို့ဆီကို စာမရောက်သေးဘူး။အမျိုး ၃၀ လို့တော့ ခေါင်းစဉ်တပ်ထားတယ်။ အမျိုး ၃ဝရဲ့ စာရင်းအသေးစိတ်တော့ မရောက်သေးဘူး။ ရွှေလီမှာ ရောဂါပိုးတွေ့တဲ့ကိစ္စနဲ့ နွှယ်ပြီးတော့ ရောဂါအနေအထားနဲ့ သူ့မြို့နယ်အနေအထားက နည်းနည်းလေးပေါ့လျော့တဲ့အတွက်ကြောင့် ပြည်နယ်ကဆင်းပြီးတော့ ကြီးကြပ်တဲ့ ပုံစံမျိုးပြောတာတော့ရှိတယ်။ ဒါပေမဲ့ အခြားအကြောင်းအရာတွေက ရှိတော့ရှိမှာပေါ့။ ကျွန်တော်တို့လည်းတချို့အကြောင်းအရာတွေ မမြင်နိုင်တဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေရှိလိမ့်မယ်လို့တော့ ထင်ပါတယ်။ အိန္ဒိယနဲ့ထိုင်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်နေပြီလို့ သူတို့ထုတ်ပြတယ်။ ကျန်အကြောင်းတရားကတော့ ကျွန်တော်တို့ခန့်မှန်းဖို့ခက်တယ်” ဟု  ဒုတိယဥက္ကဋ္ဌ ဦး‌အောင်သက်ဦးက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထားသော သခွားမွှေးလက်ကျန်နှင့် ဖရဲသီးများကျန်ရှိနေပြီး ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးထားသော ဖရဲသီးများကျန်ရှိနေကာ ယခုအခင်းအကျင်းကြောင့် သရက်သီးများ တင်ပို့ရန် အခက်အခဲရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိသစ်သီးပေါက်ဈေးမှာ လမ်းတွင် ၁၀ ရက်၊ ၁၅ ကြာမှ ဝင်ရခြင်းကြောင့် ဖရဲသီးကားတစ်စီးပြတ်လျှင် ယွမ် ၅၀၀၀ မှ ယွမ် ၆၀၀၀ နီးပါးသာရရှိပြီး သခွားမွှေးတစ်တန်လျှင် ယွမ် ၃၀၀၀ နှင့် ယွမ် ၃၅၀၀ ကြားသာ ရရှိခြင်းကြောင့် ကုန်တင်ကားခ တန်ဖိုးပင်မရရှိခြင်းများ ဖြစ်ပေါ်နေပြီး မိုင် ၆၀ နီးပါး သာရှိသော သိန္နီမြို့မှ မူဆယ်မြို့သို့ ဖရဲသီး တင်ကားခမှာ ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးလျှင် ကျပ် ၂၅ သိန်းပေးရကြောင်း ကုန်သည် ပွဲစားများနှင့် ပွဲရုံများမှ သိရသည်။

“အပေါ်ကတော့ ပိတ်လိုက်တယ်လို့ မပြောဘူးပေါ့။ သူတို့ရဲ့ စည်းကမ်းတွေ တင်းကျပ်လာတယ်။ တရုတ်ပြည်ထဲဝင်တဲ့ကား‌တွေ ကုန်စရိတ်တွေထပ်များလာတယ်။ အဲဒီအတွက် ဒီဘက်က တွက်ခြေကိုက်မှ ဝင်မယ်။ မကိုက်ရင်မဝင်တော့ဘူး ဆိုတာဖြစ်သွားတာပါ။ ဆုံးရှုံးမှုက တောင်သူတွေစိုက်တဲ့အပေါ်မှာ မူတည်တယ်။ ၁၀ ဧကစိုက်ရင် ၁၀ ဧက ရှုံးတာပါပဲ။ ဧက ၂၀ စိုက်ရင် ဧက ၂၀ ရှုံးတာ။ သူတို့ဘက်က လုံးဝ တားမြစ်တယ်လို့ဖွင့်မပြောဘူးပေါ့။ ဒါပေမဲ့ တော်တော်လုပ်ရကိုင်ရခက်အောင် စည်းမျဉ်းစည်းကမ်းတွေ ထုတ်လိုက်တဲ့ အနေအထားမျိုးဖြစ်သွားတာပေ့ါ။ အခုဟာက COVID-19 ရောဂါကြောင့် သူတို့နိုင်ငံကထုတ်တဲ့ စည်းကမ်းမို့ ဘာမှတော့ ပြောလို့တော့မရဘူးပေါ့။ ဒီနှစ်မှာ အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ဆိုတော့ ဘာမှတော့ ပြောစရာတော့မရှိပါဘူး။ အကုန်လုံးတော့ အခက်အခဲရှိကြတာပါ” ဟု သစ်သီး စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူ နန်းခမ်းခင်က ပြောကြားသည်။

ယခုနှစ်ရာသီအစ၌ ဖရဲသခွားရောင်းဝယ်မှုဈေးနှုန်း ဆယ်စုနှစ်အတွင်း စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းဝယ်မှုပြုခဲ့ခြင်းကြောင့် ရာသီနှောင်းပိုင်း၌ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာခဲ့သော်လည်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် တရုတ်နိုင်ငံ၏ COVID-19 ရောဂါအကြောင်းပြ၍ ပိုမိုတင်းကျပ်သော အစီအမံများကြောင့် စိုက်ပျိုးထုတ်လုပ်သောတောင်သူများ ရာခိုင်နှုန်း  ၅၀ ကျော် ဆုံးရှုံးနစ်နာခဲ့ရကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

တောင်သူများအနေဖြင့် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအခင်းအကျင်းကို သင်ခန်းစာယူပြီး လာမည့်သစ်သီးစိုက်ပျိုးရာသီများ၌ အလွန်အကျွံ စိုက်ပျိုးခြင်းမပြုရန် သတိပြုစေလိုကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော အခြေအနေများကြောင့် တရုတ်ဈေးကွက်အစားထိုးပြီး အခြားပြည်ပသစ်သီး ဈေးကွက်များသို့ တင်ပို့မှုများရှိကြောင်းနှင့် မလိုလားအပ်သည့် ကုန်ကျငွေများအပြင် ကုန်တင်ကားခများ အဆမတန်ကြီးမြင့်မှုကြောင့် မတ်လနှင့် ဧပြီလတွင် တောင်သူများဆုံးရှုံးမှု ပိုမိုများပြားခဲ့သည်ဟု သစ်သီးရောင်းဝယ်မှုပြုလုပ်နေသော ကုန်သည်ပွဲစားများထံမှ သိရသည်။

တရုတ်နိုင်ငံက ဧပြီ ၁၆ ရက်တွင် COVID-19 ရောဂါအကြောင်းပြချက်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပြုလုပ်လျက်ရှိ‌သော ချင်းရွှေဟော်နယ်စပ်ဂိတ် ပိတ်ခဲ့သည်။

ထို့ကြောင့် မြန်မာလယ်ယာထွက်ကုန်ပစ္စည်းများနှင့် တရုတ်နိုင်ငံမှတင်သွင်းနေသော ဓာတ်မြေသြဇာနှင့် သံထည်ပစ္စည်းများ အရောင်းအဝယ် ရပ်တန့်လျက်ရှိကြောင်း ချင်းရွှေဟော် ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

“ဧပြီလ ၁၆ ရက်ကစပြီးတော့ ပိုးတွေ့တယ်ဆိုပြီး ဂိတ်ကိုတရုတ်ဘက်က ကိုဗစ်ကိုအကြောင်းပြပြီးတော့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကို စပိတ်တာပေါ့။‌ နောက်လ မေလ ၁၅ ရက်နေ့ပြန်ဖွင့်ပေးမယ်။ တစ်လ ပိတ်မယ်ပေါ့။ အဲဒါကလည်း ရောဂါပိုးပေါ်မူတည်ပြီးတော့ ရောဂါပိုးထပ်တွေ့ရင် ထပ်ပိတ်ဦးမယ်လို့ သူတို့ပြောပါတယ်။ လုံးဝ လုံးဝ ရပ်သွားတာပေါ့။ ဒီမှာတော့ မြန်မာပြည်ဘက်အခြမ်းမှာ ကားအစီး‌ပေါင်း ၄၀၀ ကျော်၊ တရုတ်ပြည်ဘက်ခြမ်း ကိုဝင်သွားတာ ကားအစီးတစ်ရာကျော်ရှိတယ်။ အဲဒါက   မြန်မာပြည်ဘက်က Export ကုန်တွေ၊ တရုတ်ဘက်ကကျတော့ ကျွန်မတို့ မြန်မာပြည်ဘက်ကိုလာမည့် Import ကုန်တွေ အစီး ၃၀၀ ကျော်ရှိတာပေါ့။ အဲဒါတွေကို ဘယ်လိုကြိုးစားရလဲဆိုတော့ ၁၆ ရက်က စပြီးတော့ တရုတ်ပြည်ထဲရောက်နေတဲ့ မြန်မာကားတွေကို ကုန်အမြန်ဆုံးချပေးပါ။ ပြန်ပြီးတော့မှ ထုတ်ပေးပါဆိုပြီး ဒီနေ့မနက် နောက်ဆုံးကားအစီး ၁၄၇ စီးကို ကုန်ချလို့ပြီးသွားပြီ။အဲဒါကို ကျွန်မတို့ပြန်ခေါ်တယ်။ နောက်လမ်းပေါ်မှရှိတဲ့ အစီး ၄၂၀ လောက်ကို ကျွန်မတို့က ကုန်သည်တွေနဲ့ ညှိတာပေါ့။ ဒီမှာတော့ ဂိတ်က တစ်လပိတ်သွားပြီဆိုတော့ ကုန်တွေကို ချင်းရွှေဟော်မှာ ချမှာလား။ ဒါမှမဟုတ် ကုန်တွေကို မူဆယ်တို့ လွယ်ဂျယ်တို့ကို ပြန်သွားမှာလားဆိုတာကို ကုန်သည်တွေနဲ့ ညှိကြတယ်။ တချို့ကလည်း ချတယ်။ ဒါပေမဲ့ နည်းတယ်။ တချို့ကားတွေ မူဆယ်နဲ့ လွယ်ဂျယ်ကို ပြန်သွားခိုင်းတယ်။ မန္တလေး ပြန်ခေါက်ကျတာပေါ့။ တော်တော်လေးကို လူတွေကဒုက္ခရောက်ပါတယ်” ဟု ချင်းရွှေဟော်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်မာက ပြောကြားသည်။

ထို့ပြင် ချင်းရွှေဟော်နယ်စပ်ပေါက်ကိစ္စ နှင့်ပတ်သက်၍ ချင်းရွှေဟော်မြို့က ကုန်သည်တစ်ဦးကလည်း “ပြန်ဖွင့်ဖို့မရေရာဘူး။ ဒါကြောင့် လူတွေအားလုံး တောင့်ခံနိုင်ဖို့။ စိတ်ဓာတ်အင်အား၊ လူအင်အား၊ ငွေအင်အား ရော ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ချင်းရွှေဟော် နယ်စပ်ဂိတ်၌ မြန်မာပြည်မှ ပဲမျိုစုံ၊ နှမ်း၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ကွမ်းသီးနှင့် ကြံစသည့် လယ်ယာထွက်ကုန်များ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ မြေသြဇာ၊ သံခွေသံဖာ၊ ဟင်းချိုမှုန့် စသည်တို့ တင်သွင်းလျက်ရှိသည်။

တရုတ်နိုင်ငံ COVID-19 ကာကွယ်ရေးအဖွဲ့က တားမြစ်ပိတ်ပင်လိုက်သောအရာများမှာ ကုန်သွယ်မှုကားများနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းများနှင့် ဒေသထွက်ကုန် ဖရုံသီးအသေးများ၊ ကြံ စသည်တို့ တင်သွင်းမှုဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ COVID-19 ရောဂါအကြောင်းပြကာ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များကို မကြာမီ ထပ်မံပိတ်သွားမည်ကိုလည်း ကုန်သည်ပွဲစားများက စိုးရိမ်လျက်ရှိကြသည်။

ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်သော ကျယ်ဂေါင်မြို့၊ ရွှေလီမြို့တို့တွင် မြန်မာနိုင်ငံသားများထံမှ COVID-19 ရောဂါပိုးတွေ့ရှိမှုကြောင့် လော့ဒေါင်းချထားကာ ယင်းဒေသ၌ရှိသော မြန်မာပိုင် ကုန်ဂိတ်များပိတ်ထားရပြီး  COVID-19 ရောဂါဆိုးရွားစဉ်အခါက ထိုကဲ့သို့ တင်းကျပ်မှုမျိုးမပြုလုပ်ခဲ့ဘဲ ယခုအချိန်မှ ထိုကဲ့သို့  တင်းကျပ်သော အစီအမံများ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ တင်သွင်းနေသော သွင်းကုန် ၉၅ ရာခိုင်နှုန်းနီးပါး ရပ်တန့်တုံ့ဆိုင်းနေကြောင်း ကျယ်ဂေါင်မြို့ရှိ ရွှေသရဖီကုန်ဂိတ်မှ ကိုအောင်မင်းက ပြောကြားသည်။

Most Read

Most Recent