ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးမှနုတ်ထွက်မည်ဟု ယော်ကင်လိုး အတည်ပြု

ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးမှနုတ်ထွက်မည်ဟု ယော်ကင်လိုး အတည်ပြု
Photo: talksport
Photo: talksport
Published 11 March 2021

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးက မိမိအနေဖြင့် ယခုနှစ်တွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း မတ်လ (၉) ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အသက် (၆၁)နှစ်အရွယ်ရှိ ယော်ကင်လိုးသည် ဂျာမနီအသင်းကို ၂၀၀၆ခုနှစ်တွင်စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ သို့သော် ဂျာမနီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖ လားပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခွာခဲ့ရသဖြင့် ယော်ကင်လိုးမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

ထို့နောက် ယော်ကင်လိုးသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း ကျဆုံးခဲ့ခြင်းကြောင့် ၀ါရင့်ကစားသမားများဖြစ်သည့် မူလာ၊ ဟမ်းမဲလ်နှင့် ဘိုတန်တို့ကို ရွေးချယ်တော့မည်မဟုတ်ဘဲ အသင်းကို မျိုးဆက်သစ်များဖြင့် တည်ဆောက်မည်ဟု ကြေညာခဲ့သည်။

သို့သော် ဂျာမနီအသင်းမှာ ယင်းနောက်ပိုင်းတွင်လည်း ရလဒ်များ ဆိုးရွားနေခြင်းကြောင့် ယော်ကင်လိုးသည် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး အသင်းကစားသမားများနှင့်ပါ ပြဿနာများရှိနေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ထို့ကြောင့် ယော်ကင်လိုးသည် ဂျာမနီအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ဇွန်လ (၁၁)ရက်မှ ဇူလိုင်လ (၁၁) ရက်အထိ ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် အသင်းနည်းပြရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယော်ကင်လိုးက ''ကျွန်တော့်အနေနဲ့ ဒီဆုံးဖြတ်ချက်ကို အရမ်းအလေးထားပြီး ဆုံးဖြတ်ခဲ့တာပါ။ ဂျာမနီအသင်းကို နှစ်ပေါင်းများစွာကိုင်တွယ်ခွင့်ရတာဟာ ဂုဏ်ယူစရာဖြစ်ပြီး အားလုံးကိုကျေးဇူးလည်းတင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB) ဥက္ကဋ္ဌ ဖစ်ဇ်ကယ်လာက ]]ယာ်ကင်လိုးအနေနဲ့ သူ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ဆီ စောစီးစွာအကြောင်းကြားပါတယ်။ ယော်ကင်လိုးဟာ သူ့ရဲ့နေရာကို ဆက်ခံမယ့်သူအတွက် လုံလောက်တဲ့အချိန်အတိုင်းအတာကို ပေးလိုက်တာပါပဲ''ဟု ပြောကြားခဲ့သည်။

ယော်ကင်လိုး၏နေရာကိုဆက်ခံရန် ဂျာမနီ ယူ-၂၁နည်းပြ စတီဖင်ဟုန့်ဇ်၊ လီဗာပူးလ်နည်းပြ ကလော့ပ်၊ လိုက်ပ်ဇစ်နည်းပြ နာဂယ်စ်မန်း၊ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်တို့ ရေပန်းစားနေကြောင်း သိရသည်။ 

Most Read

Most Recent