အာဆင်နယ်အသင်းသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၎င်းင်းတို့အား ဒဏ်ငွေပေါင် (၃၃၀၀၀)ချမှတ်ထားခြင်းကို လက်ခံဘဲ နိုင်ငံတကာအားကစားခုံရုံး (CAS)တွင် ယင်းအမှုအား အယူခံဝင်ကာ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ် ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် ၂၀၁၈ ခုနှစ်အတွင်းက အသင်း၏ လူငယ်ကစားသမားတစ်ဦးဖြစ်သူ ချူဘာအက်ပွန်းအား ဂရိကလပ် PAOK အသင်းသိုု့လည်းကောင်း၊ ကော်စတာရီကာ လက်ရွေးစင်တိုက်စစ်မှူး ဂျိုယဲလ်ကမ်းဘဲလ်အား အီတလီကလပ် ဖရိုဆီနိုနီအသင်းသို့လည်းကောင်း အပြီးသတ်ရောင်းချခဲ့သည်။
ယင်းကဲ့သို့ ရောင်းချရာတွင် အာဆင်နယ်အသင်းသည် အရောင်းအဝယ်စာချုပ်၌ သဘောတူညီချက်အချို့ကို ထည့်သွင်းချုပ်ဆိုခဲ့သည်။
အင်္ဂလန်ယူ-၂၁ က စားသမားဟောင်း ချူဘာအက်ပွန်းအတွက် PAOK အသင်း နှင့်ချုပ်ဆိုသောစာချုပ်၌ ယင်းကစားသမားကို အနာဂတ်တွင် ရောင်းချခဲ့ပါက မူလကလပ်အာဆင်နယ်အသင်းအား ပြောင်းရွှေ့ကြေး၏ (၃၀%)ကို ပေးရမည်ဖြစ်ကြောင်း၊ အ ကယ်၍ အင်္ဂလန်ကလပ်အသင်းတစ်သင်းသင်းထံ ရောင်းချပါက (၄၀%)အထိပေးရမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုခဲ့သည်။
ထို့အတူ ဂျိုယဲလ်ကမ်းဘဲလ်အား ဖရိုဆီနိုနီအသင်းထံသို့ ရောင်းချစဉ် ချုပ်ဆိုခဲ့သည့် စာချုပ်၌လည်း ယင်းကစားသမားကိုအနာဂတ်တွင်ရောင်းချပါက မူလကလပ်အာဆင်နယ်အသင်းအား ပြောင်းရွှေ့ကြေး၏ (၂၀%)ကိုပေးရမည် ဖြစ်ကြောင်း၊ အကယ်၍ အင်္ဂလန်ကလပ်အသင်းတစ်သင်းသင်းထံ ရောင်းချပါက (၃၀%)အထိပေးရမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုခဲ့သည်။
ပြီးခဲ့သည့်နွေရာသီက အက်ပွန်းသည် လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းထံ ပေါင်(၂.၇၅)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ရာ အာဆင်နယ်အသင်းသည် ယင်းပြောင်းရွှေ့ကြေးမှ တစ်စိတ်တစ်ပိုင်းကို ခံစားခဲ့ရသည်။ အာဆင်နယ်အသင်း၏လုပ်ရပ်မှာ အပြောင်း အရွှေ့စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းမရှိဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) နှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်တာဝန်ရှိသူများက လက်ခံခဲ့သော်လည်း ဖီဖာတာဝန်ရှိသူများကမူ ယင်းလုပ်ရပ်မှာ တရားမဝင်ဟုဆိုကာ အာဆင်နယ်အသင်းကို ဒဏ်ငွေပေါင် (၃၃၀၀၀)ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖီဖာတာဝန်ရှိသူများက အာဆင်နယ်အသင်း ချုပ်ကိုင်ထားသော ပြောင်းရွှေ့ကြေးငွေရာခိုင်နှုန်းမှာ အလွန်များပြားနေပြီး ကြားခံလူပိုင်ဆိုင်မှု (Third Party Owner) အသွင် ဆောင်နေကြောင်း၊ အခြားသောကလပ်အသင်းတစ်သင်း၏ ကစားသမားအပြောင်းအရွှေ့အပေါ် အလွန်လွှမ်းမိုးရာ ရောက်နေကြောင်းပြောကြားခဲ့ကြသည်။
အာဆင်နယ်အသင်းကမူ ဖီဖာ၏ ဒဏ်ငွေအားလက်မခံဘဲ နိုင်ငံတကာအားကစားခုံရုံးမှတစ်ဆင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအမှုအား လာမည့်အင်္ဂါနေ့တွင် စတင်ကြားနာမည်ဖြစ်ကြောင်းသိရသည်။ အာဆင်နယ်အသင်းအတွက် ဖီဖာမှချမှတ်သည့် ပေါင် (၃၃၀၀၀)မှာ မပြောပလောက်သော်လည်း အသင်း၏ ရပ်တည်မှုနှင့် ဂုဏ်သိက္ခာအရ ယင်းပြစ်ဒဏ်အားလက်မခံဘဲ တိုက်ပွဲဝင်ရင်ဆိုင်ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။















