ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)ပွဲကစားပြီးချိန်တွင် (၄၃)မှတ်သာရရှိခဲ့ပြီးနောက် အဆိုးရွားဆုံးလက်ရှိချန်ပီယံအသင်းအဖြစ် လီဗာပူးလ်အသင်း မှတ်တမ်းဝင်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)ပွဲကစားပြီးချိန်တွင် (၄၃)မှတ်သာရရှိခဲ့ပြီးနောက် အဆိုးရွားဆုံးလက်ရှိချန်ပီယံအသင်းအဖြစ် လီဗာပူးလ်အသင်း မှတ်တမ်းဝင်
Photo : The Sun
Photo : The Sun
Published 9 March 2021

လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၂၈)ပွဲကစားအပြီး၌ (၄၃)မှတ်သာ ရရှိခဲ့သည့်အတွက် အမှတ်ဆုံးရှုံးမှုအများဆုံးနှင့် အဆိုးရွားဆုံး လက်ရှိချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။

ယခင်က ပရီးမီးယားလိဂ်၏ လက်ရှိချန်ပီယံအသင်းများထဲတွင် အမှတ်ဆုံးရှုံးမှုအများဆုံးအဖြစ် သတ်မှတ်ခံထားရသည်မှာ လက်စတာအသင်းဖြစ်ပြီး ၂၀၁၅-၁၆ ရာသီတွင် ချန်ပီယံဖြစ်ခဲ့စဉ်က ပွဲစဉ်(၂၈)အပြီး၌ (၅၇)မှတ်ရရှိခဲ့သော်လည်း ၂၀၁၆-၁၇ ရာသီ ပွဲစဉ်(၂၈)အပြီးတွင် အမှတ်(၃၀)သာရရှိပြီး (၂၇)မှတ်လျော့ကျခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီ၌ ပွဲစဉ်(၂၈)အပြီးတွင် (၇၉)မှတ်အထိ ရရှိခဲ့သော်လည်း လက်ရှိရာသီ ပွဲစဉ်(၂၈)အ ပြီး၌ (၄၃)မှတ်သာရရှိခဲ့သည့်အတွက် (၃၆)မှတ်လျော့ကျကာ လက်စတာအသင်း၏ မှတ်တမ်းဆိုးကို လွှဲပြောင်းယူခဲ့ရခြင်းဖြစ်သည်။ 

လက်စတာအသင်းသည် ၂၀၁၆-၁၇ ရာသီတွင် အဆင့်(၁၂)နေရာ၌ ရပ်တည်ခဲ့ရပြီး လက်ရှိချန်ပီယံအသင်းအနေဖြင့် ဥရောပဝင်ခွင့်ပင်မရရှိသည်အထိ ဖြစ်ခဲ့ရသည်။ 

လီဗာပူးလ်အသင်းမှာလည်း  လက်ရှိအချိန်တွင် အမှတ်ပေးဇယားအဆင့်(၈)နေရာသို့ ရောက်ရှိနေပြီး ဥရောပဝင်ခွင့်ရရှိရန် ရုန်းကန်ရမည့်အခြေအနေ ဖြစ်နေသည်။ 

သို့သော် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ထိပ်ဆုံး(၄)သင်းစာရင်းဝင်အသင်းအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယာဂန်ကလော့ပ်က ''ဒီအတွက် အာမမခံနိုင်ပေမဲ့ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လမ်းကြောင်းမှန်ပေါ် ကျွန်တော်တို့ ပြန်လည်တက်လှမ်းနိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent