လူအုပ်ထဲက အဖြစ်အပျက်

လူအုပ်ထဲက အဖြစ်အပျက်
Photo: Art Finderwkitionary
Photo: Art Finderwkitionary
Published 6 March 2021
နိုလှိုင်း

ခဏနေတော့ လူအုပ်ကြီးတစ်ခုထဲကို ကျွန်တော်ရောက်သွားတယ်။ လှုပ်မရပြုမရနဲ့ ယိမ်းထိုးမျောပါနေခဲ့တာ။ အဝေးကြီးကတည်းက လှမ်းမြင်ပေမဲ့ ကျွန်တော့်ခြေလှမ်းတွေကို ချိန်သားကိုက် အလျင်အမြန် ရွေ့လျားမိလားဆိုတာတော့ မမှတ်မိတော့ဘူး။ မသိလိုက်မသိဘာသာနဲ့  ဆက်လျှောက်ခဲ့လေသလားပဲ။ သတိထားမိတဲ့အချိန် ကျွန်တော်က လူအုပ်ကြားထဲ တိုးဝှေ့နေခဲ့ပြီ။ တကယ်လည်း ရှောင်ထွက်သွားလိုက်ဖို့ကိုသာ အလိုရှိခဲ့တာပဲ။ ကြောက်ရွံ့နေမိသေးတယ်။ နောက်ပြီး ကျွန်တော်တစ်ယောက်တည်း ရှေ့ကိုဆက်သွားဖို့ ရည်ရွယ်ခဲ့ပါသေးရဲ့။ တခြားတစ်နေရာကို ဦးတည်လိုက်ဖို့၊ ဒါမှမဟုတ် ခဏစောင့်ပြီးမှ ဆက်လျှောက်လိုက်ဖို့ဆိုပါတော့။ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ ဟိုးရှေ့အထိရောက်အောင် ပြေးမသွားနိုင်ဘူးဆိုတာတော့ အစကတည်းက ကြိုပြီးသိနေပြီးသားပဲ။ ထားပါ။ နေဝင်သွားပြီးဖြစ်တဲ့အတွက် အလင်းရောင် တစ်စွန်းတစ်စကလေးတောင်မကျန်ခဲ့၊ ဘေးပတ်ဝန်းကျင်ကို မမြင်နိုင်လောက်အောင်လည်း မှောင်မိုက်နေခဲ့တယ်။

အတိတ်ကိုလည်း သတိမရ၊ အနာဂတ်ဆိုတာကြီးကိုလည်း မမြင်ရ၊ အတိအကျပြောရရင် ဘာမှဝေခွဲလို့မရနိုင်တဲ့ အခိုက်အတန့်မျိုးဆိုပါတော့။ ဒီနေရာမှာ မြင်ကွင်းကိုဖော်ပြလို့ရမှာ မဟုတ်သလို အမှန်အတိုင်းမြင်ရဖို့လည်း မလွယ်ကူနိုင်ပါဘူး။ ဆိုတော့ ကျွန်တော့် ရှေ့လှမ်းမျှော်မြင်ရသလောက်အထိ လူအုပ်ကြီးတစ်ခု ရှိနေနိုင်တယ်လို့သာ အကြမ်းဖျင်း ဆိုပါရစေ။ အင်မတန်ရှည်လျား သွယ်တန်းနေတဲ့ လူစုလူဝေးကြီးတစ်ခုနဲ့အတူ အဲဒီလှိုင်းထဲရောက်နေခဲ့တာ။ မြင်ကွင်းကလွဲလို့ တရွေ့ရွေ့နင်းလျှောက်သံ၊ ခံစားချက်ပြင်းပြင်းနဲ့ အော်ဟစ်နေသံ၊ တီးတိုးသတိပေးနေတဲ့အသံတွေပဲ ကျွန်တော်ကြားနေရတယ်။ သေချာတာကတော့ ဘာမှမမြင်ဘူး ဆိုတာပါပဲ။ ကျွန်တော့်အနားမှာ အသံတွေလုံးထွေးပြီး တဖြည်းဖြည်းနဲ့ နားတွေအူလာတယ်။ လေယာဉ်တွေ ပျံသန်းလာသလို၊ ကားတွေ ဖြတ်သွားသလို၊ ယင်တွေအုံနေသလိုနဲ့။ အဲဒီလိုအသံတွေကြားနေရပြီး ဘေးပတ်ဝန်းကျင်ကိုတော့ အသံနဲ့ပဲ သတိထားနေရတယ်။ ကိုယ့်ကို တစ်ယောက်ယောက်က တိုးတိုက်သွားမှာ၊ ဖိနပ်နောက်ပိုင်းကို တက်နင်းလိုက်မှာကိုလည်း စိုးရိမ်နေရပြန်တယ်။

ခဏနေတော့ လူအုပ်ကြီးထဲကနေ ကျွန်တော်တစ်ယောက်တည်း ဖဲ့ထွက်လာမိပြန်တယ်။ မြင်ကွင်းကိုက မမြင်နိုင်တဲ့အမှောင်ထုထဲ ကျရောက်နေခဲ့တာပဲ မဟုတ်လား။ ဘယ်အထိ ဆက်သွားနိုင်မလဲဆိုတာ အတိအကျခန့်မှန်းလို့မလွယ်တဲ့ လူအုပ်ကြီးထဲကနေ ကျွန်တော်ထွက်လာခဲ့တယ်ပေါ့။ ခုံးကျော်တံတားတစ်ခုပေါ်မှာပါ။ အဲဒါကို တစ်နေရာရာမှာ ကျွန်တော် ရေးခဲ့ဖူးတယ်။ ခုံးကျော်တံတားပေါ် တစ်ယောက်တည်း လျှောက်ဖြစ်ခဲ့တုန်းက ခံစားချက်မျိုး ကျွန်တော် တစ်ခါပြောပြဖူးတယ်လို့ ထင်တာပဲ။ အခုကျတော့ အဲဒီတုန်းက ခံစားချက်နဲ့ခြားနားစွာ လူအုပ်ကြီးနဲ့အတူ မျောပါလာခဲ့တယ်ပေါ့။ ထားပါ။ အတိတ်ဆိုတဲ့အကြောင်းတွေကို အခုလိုအချိန်မျိုးမှာ ပြန်ပြောမနေချင်တော့ပါဘူး။ လတ်တလော အဖြစ်အပျက်တွေကို အတိတ်နဲ့ တိုက်ဆိုင်စစ်ဆေးနေရတာလည်း ကျွန်တော် စိတ်ပျက်တယ်။ တကယ့်အဖြစ်အပျက်တွေဆိုတာက ဇာတ်ညွှန်းခွဲထားသလို အတိအကျရောက်လာလိမ့်မယ်လို့ မမျှော်လင့်သင့်ဘူးမဟုတ်လား။ ဒါပေမဲ့ အချိန်ကိုက် ရောက်လာခဲ့တယ်။ တစ်ခါတုန်းက ပီယာ့ကို လူအုပ်ကြားထဲ လှမ်းတွေ့ခဲ့ရသလိုမျိုးဆို။ ပီယာကမှ ကျွန်တော့်ကို လက်သုံးချောင်း ထောင်ပြခဲ့ပါသေးတယ်။ ကျွန်တော်ကလည်း ပြန်ပြီး ထောင်ပြခဲ့တယ်လေ။ ထားပါတော့။

အချိန်တွေကို မလိုအပ်ဘဲ နောက်ပြန်ဆုတ်နေရတာလောက် စိတ်ပင်ပန်းစရာကောင်းတာ ဘာရှိတော့မှာလဲ။ နာကျင်မှုကအစ၊ ဝမ်းနည်းကြေကွဲပုံအလယ် သင်ခန်းစာယူစရာတွေအဆုံး တကူးတကနှိုးဆွစရာမလိုဘဲ အလွတ်ရနေသလိုမျိုး။ ဖြစ်နိုင်ရင်ရှေ့ကိုပဲ ရွေ့လျားနေချင်မိတာ လွန်တယ်လို့ ဆိုလို့မရဘူးမဟုတ်လား။ ကျွန်တော် ရပ်နေလိုက်မိပြန်တယ်။ အနားမှာ အဲဒီတုန်းကလို့ဆိုတဲ့ ဒဏ်ရာကြီးတန်းလန်းနဲ့ နှစ်တွေပြန့်ကျဲနေလေရဲ့။ ကျွန်တော်တို့ဟာ အဲဒီနှစ်တွေမှာ လူလားမြောက်ခဲ့ကြတာပါပဲ။ ကျွန်တော်တို့နဲ့ ရွယ်တူမျိုးဆက်တွေအကုန်လုံး စိတ်ဓာတ်တွေကအစ အရာရာပျက်စီးသွားခဲ့ကြတယ်။ ရေသာခိုချင်စိတ်ဟာ အော်ဂလီဆန်ချင်လောက်အောင် ပျို့တက်နေလေရဲ့။ အဖြစ်အပျက်တစ်ခုဆိုတာထက် ထင်ယောင်ထင်မှား မြင်ရတတ်တဲ့ ပုံရိပ်တွေလို ကျွန်တော့်အနားမှာ တစ်ပုံချင်း၊ တစ်ကွက်ချင်း အထပ်ထပ် မှန်လိုအရိပ်ထင်ဟပ်နေတယ်။ လက်နဲ့ထိတွေ့လို့မရ၊ အိပ်မက်ဆန်ချင်ဆန်လိမ့်မယ်။ အဲဒီနှစ်တွေဟာ လက်နှစ်ဖက်နဲ့ပွေ့ပြီး သယ်ဆောင်မသွားနိုင်လောက်အောင် များနေခဲ့ပေမဲ့ အခုအချိန်အထိ လွှတ်ချလို့ မရသေးဘူးဆိုပါတော့။ ကျွန်တော်တို့နားမှာ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေချည်း။ ကျွန်တော်တို့နားထဲမှာလည်း အလိမ်အညာ သတင်းအချက်အလက်တွေချည်း။ ဖိနှိပ်ထားတဲ့အမိန့်တွေ၊ ဖျက်ရာဗရဗွနဲ့ သမိုင်းစာမျက်နှာတွေချည်းပေါ့။ ရေဒီယိုတစ်လုံးကလိုင်းမမိဘဲ တဂီးဂီးအော်နေတယ်။ ဘာမှ မသိဘူးဆိုတဲ့အကြောင်းကို အလွတ်ရအောင် အော်နေခဲ့ကြရတယ်။ ညစာကို အလုအယက်စားခဲ့ကြပြီး သတင်းကြေညာသံတွေဟာလည်း ကျွန်တော်တို့ခေတ်ရဲ့ ပုံရိပ်တစ်ခုလို အမြဲတမ်း ထူးမခြားနားအဖြစ်အပျက်တွေချည်းသာ ထပ်ကာထပ်ကာ ထုတ်လွှင့်တင်ဆက် နေတတ်တာပါပဲ။ ကျွန်တော်တို့ ကြီးပြင်းလာကြပုံတွေဟာလည်း လက်ဖက်ရည်ဝိုင်းမှာတောင် မျက်နှာသေနဲ့ အံ့သြတကြီး ပြန်ပြောပြစရာမရှိခဲ့ဘူးမဟုတ်လား။ ခြေဟန်လက်ဟန်နဲ့ အတင်းဟန်လုပ်နေခဲ့ကြပေမဲ့ တကယ်တမ်းကျရင် အသက်မပါခဲ့ပြန်ဘူး။

အဲဒီမှာ မီးခလုတ်ကို ချောက်ခနဲ ဖွင့်လိုက်ပေမဲ့ ဘာမှမမြင်ရသေးတဲ့ ချောက်ချားစရာ အခိုက်အတန့်တွေချည်း တွေ့နေမြင်နေရတယ်။ အမှောင်ထဲမှာပဲ နေ့စဉ်နဲ့အမျှ တဝဲလည်လည် ငေးမောရပ်ကြည့်နေမိတယ်။ အကြောက်တရားက နှိပ်စက်ဖိစီးလွန်းတော့ ခန္ဓာကိုယ်ကိုကျုံ့နေရတဲ့အထိ သိမ်ငယ်မှုနဲ့ အသက်ဆက်နေရတယ်ပေါ့။ အဲဒါကို အတိတ်လို့ပဲ ခက်ခဲပင်ပန်းစွာ ဆိုပါရစေ။ အတိတ်လို့ပြောလိုက်တာနဲ့ အိပ်မက်ထဲမှာ တောင် ဝမ်းနည်းနာကျင်စရာကောင်းခဲ့တာချည်း။ စိတ်ဒဏ်ရာရဖူးသလို ငယ်ဘဝလို တွေးကြည့်ရုံနဲ့တင် ထိတ်လန့်နာကျင်စရာအတိနဲ့ ချောက်ချားနေရတယ်။ အဲဒီနှစ်တွေဟာ ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ အချိန်နာရီတွေကို ယူဆောင်လာတယ်။ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘဲ အမှောင်ထုကြီးကိုဖြတ်သန်းနေရသလို မောဟိုက်နေရတယ်။ အမြစ်တွယ်နေတဲ့ မှတ်ဉာဏ်ထောင့်က အကြောင်းအရာတွေဟာလည်း သည်းခြေထဲမှာ စွဲနေသလို ပြန်ပေါ်လာပြန်ပါတယ်။ အလဲလဲအပြိုပြို ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ကာလတွေချည်းပါပဲ။ ဘာမှမသိခြင်းရဲ့ နေ့ရက်တွေ။ လေထုထဲမှာတောင် ယမ်းနံ့စွဲလာတဲ့နေ့တွေချည်း မြင်နေခဲ့ရတယ်။ အဖြစ်အပျက်တိုင်းဟာ မသဲမကွဲပုံရိပ်တွေနဲ့ ဆောက်တည်ရာမဲ့ဇာတ်လမ်းတွေချည်း။ ပြန်မတွေးချင်လောက်အောင် ခါးသီးတဲ့ အနိဌာရုံတွေနဲ့ ထွေးမရအန်မရနဲ့ ဒုက္ခကိုသီးသန့်မွေးမြူထားသလိုဖြစ်နေတဲ့ ရက်စက်မှုတွေချည်းပါ။ ထားပါတော့။ အတိတ်အကြောင်းကို ပြောရတာလောက် စိတ်မချမ်းမြေ့ဖွယ်ရာ ဘာရှိဦးမှာတဲ့လဲ။ ကျွန်တော်တို့ခေတ်ရဲ့အတိတ်ဆိုတာ ပန်းတွေပွင့်ဖူးတဲ့အဖြစ်အပျက်မျိုးလည်းမရှိခဲ့ဘူး။ တေးသံတစ်စလည်း ထွက်မလာတတ်ပါဘူး။ မြင်မြင်ရာသောကတွေ တစ်သီတစ်တန်းနဲ့ ပြဿနာတွေ တစ်မျှော်တစ်ခေါ်နဲ့  အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ကို ပူပင်သောကတွေပဲ ပေးနိုင်ခဲ့တယ်လို့ သဘောထားမိတော့တယ်။  နားထောင်ကောင်းတဲ့အရာတစ်ခုတော့လည်း မဟုတ်ပြန်ပါဘူး။

အဲဒီလိုရက်တွေချည်းပါပဲ။ ဟိုတစ်စု ဒီတစ်စုနဲ့ လမ်းမတွေပေါ် အုပ်ဖွဲ့ပြီး ထိုင်နေကြရတယ်။ ကျွန်တော်က လမ်းဘေးက လူအုပ်သေးသေးလေးထဲရောက်သွားလိုက်၊ ဘယ်သူတွေမှန်း ကျွန်တော်မသိနိုင်တဲ့ လူအုပ်ကြီးထဲ မျောပါနေလိုက်နဲ့ ဒီနေ့တွေကို လွယ်လွယ်ကူကူပဲ ဖြတ်သန်းကုန်လွန်ဖြစ်ခဲ့တယ်ပေါ့။ ခက်ခဲပင်ပန်းစွာနဲ့ ကျော်ဖြတ်နေရတယ်။ တစ်ခါတစ်ခါ အဆမတန်ကြီးမားပြန့်ကားနေတဲ့ လူအုပ်ကြားထဲမှာ ကျွန်တော်ဟာ အမှုန်အမွှားတစ်ခုပမာ၊ တစ်ခါတစ်ခါကျတော့လည်း မျက်မှန်းတန်းမိသူအနည်းအကျဉ်းနဲ့ ဒီလိုနေ့ ရက်တွေအကြောင်း စကားတွေဖောင်ဖွဲ့လို့။ ဘယ်သူမှတော့ လက်တွေ့နဲ့ မနီးစပ်နိုင်သေးပါဘူး။ တစ်ယောက်တည်း လျှောက်နေတာထက်စာရင် နောက်ကျောလုံသွားသလို အကုန်လုံးက စိတ်ထင်ရာ မှန်းဆပြောနေခဲ့ရသလိုပါပဲ။ လမ်းမတွေက အဖြစ်အပျက်တွေကိုပြောပြပြီး လေထဲမှာတော့ လုပ်ဆောင်မှုတွေကို ပုံကြီးချဲ့နေကြတယ်။ လုပ်ကြံထားတဲ့ သတင်းအချက်အလက်တွေကသာ စက္ကန့်နဲ့ အမျှ  ရှုပ်ထွေးပွယောင်းနေခဲ့တာ။ အတုအယောင်တချို့ကို ဖုံးဖိထားတဲ့ကြား လှမ်းမြင်နေရတယ်။ နားနဲ့မဆံ့အောင်ပါပဲ။ မြင်ကွင်းထဲ လိုသလောင်ပိုင်းဖြတ်ထားတဲ့ ရုပ်ပုံတွေ၊ အကြောက်တရားကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုနေတဲ့အရာတွေက လေထဲမှာလွင့်နေတာ။ ဘယ်အရာကိုမှ အမှန်အတိုင်း မသိရသေးပါဘူး။ ကျွန်တော်ကိုယ်နှိုက်က လမ်းတွေကို ယုံကြည်ခဲ့သူတစ်ယောက်ဆိုပါတော့။ အချိန်နဲ့အမျှ ပွယောင်းနေတဲ့ လေထဲက အသံတွေကိုတော့ ကျွန်တော်အတတ်နိုင်ဆုံး မေ့ပစ်နေရပြန်တယ်။ အပြင်မှာ ရာသီဥတုကလည်း ပူပြင်းလွန်းပါရဲ့။ ဓာတ်တိုင်တွေတောင် အရည်ပျော်သွားမလားထင်ရတဲ့အထိ ပူပြင်းလောင်မြိုက်နေခဲ့တာပဲ။

အဲဒီနေ့ရက်တွေအတွင်း လူအုပ်ကြီးဆိုတာကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ တွေ့နေ၊ မြင်နေ၊ လုံးချာလည်ရောထွေးနေကြတာ။ လူ့အဖြစ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေဟာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေပြန်သေးရဲ့။ လူအုပ်ကြီး ကိုယ်တိုင်က တစ်ခါတလေ အမှန်တရားဖြစ်နေတတ်ပြီး တစ်ခါတစ်ခါကျတော့လည်း အနိုင်ကျင့်နှိပ်စက်နေပုံမျိုးလောက်သာ ဖြစ်နေခဲ့ပြန်တယ်။ ဘယ်လိုသဘောတရားကမှ အတိအကျမရှိဘူး။ ဘာကိုမှ ပြတ်ပြတ်သားသား မမြင်နိုင်သေးပါဘူး။ မြင်ကွင်းတွေကဝေ၀ါး နှင်းကျလို့ ၀ါကျင်ဟောင်းနွမ်းလို့။ ဘယ်အရာမှ ရှင်းရှင်းလင်းလင်း မသိရပြန်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေဟာလည်း ထုံထိုင်းလေကန်လွန်းနေပြန်ရဲ့။ ဒီလိုနေ့ရက်တွေထဲ အမှန်တရားဟာ လူးလာခေါက်တုံ့ လမ်းသလားနေသလိုပါ။ ခဏနေတော့ လူအုပ်ကြီးနဲ့ ကျွန်တော် အဆက်အသွယ်ပြတ် သွားခဲ့တယ်။ နောက်တစ်ခါ ပြန်လည်ချိတ်ဆက်မိနေပြန်တယ်။ အဲဒီလို အဖြစ်အပျက်တွေက အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်နေခဲ့တာ။ ကျွန်တော်ဟာ လူအုပ်ကြီးထဲ ရောက်သွားလိုက်၊ တစ်နေရာရာကို ပြေးရင်းလွှားရင်း လွင့်စင်သွားလိုက်နဲ့ပဲ။ ဒီလိုရက်တွေထဲမှာ အရာရာအားလုံးဟာ တစ်စစီပြန့်ကျဲပြီးမှ တစ်ခုစီ ပြန်ကောက်ဆက်နေရသလို လေယာဉ်ပျံတွေက အားလုံးကို တစ်နေရာစီ ခွဲထုတ်လိုက်ကြတယ်။ အားလုံး အလဲလဲအကွဲကွဲ၊ အထိတ်ထိတ်အလန့်လန့် အပြေးပြေး အလွှားလွှားဖြစ်နေခဲ့ရတာပဲ။ တစ်ယောက်စီ၊ တစ်ဖွဲ့စီ၊ တစ်နေရာရာမှာ ပုန်းအောင်းနေကြရတယ်။ ခဏလောက်ပဲဖြစ်ဖြစ် တစ်စစီဖြစ်အောင် လုပ်နေကြတယ်ပေါ့။ အချည်းနှီးပါပဲ။ တစ်မြို့လုံးလည်း လေယာဉ်ပျံအပိုင်းအစတွေ၊ အပျက်အစီးပုံတွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ မီးလောင်ပြင်တစ်ခုလို ဖြစ်နေတယ်။ အခိုးတလူလူနဲ့ စစ်မြေပြင်တစ်ခုပမာ ကျီးလန့်စာစား မွန်းကျပ်စွာနေနေရလေရဲ့။ ကိုယ့်အနားကို ဘယ်အချိန်ပျက်ကျလာတော့မယ် ဆိုတာမသိရတဲ့ လေယာဉ်တွေကို အထိတ်တလန့်နဲ့ သတိထားနေရတယ်ပေါ့။ အခုအချိန်လောက်ဆိုရင် လူအုပ်ကြီးဟာ သနားစရာ၊ နာကျင်စရာ၊ ဝမ်းနည်းကြေကွဲစရာအတိနဲ့ ဝမ်းနည်းစရာကောင်းနေခဲ့ပြီးပါပြီ။ ကျွန်တော်ဟာ တချို့နေ့တွေမှာ လူအုပ်ကြီးနဲ့အတူ မျောပါနေခဲ့တာကို ပြန်အမှတ်ရနေတတ်ပြီး တချို့အချိန်တွေမှာတော့ တစ်ယောက်တည်း ဆက်သွားနေရတာကို နှစ်ခြိုက်နေမိပြန်တယ်။ ဘယ်လိုဖြစ်နေမှန်းတော့ မသိဘူး။ လူအုပ်ကြီးကြောင့်ရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်က အဖြစ်အပျက်တွေကို အမှန်အတိုင်းသာ ဖြစ်စေချင်၊ သိချင်နေတတ်ပြီး တချို့တွေကတော့ လေထဲမှာ သူတို့ ရဲ့လုပ်ဆောင်မှုတွေကို ပုံကြီးချဲ့နေကြတုန်းပါ။