ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေး

ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေး
Published 3 March 2021

ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့များက ဆင်းရဲမွဲတေမှုသည် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဆင်းရဲမွဲတေလျက် နေထိုင်နေကြရသည့် ကမ္ဘာတစ်လွှားမှ လူသန်းပေါင်းများစွာတို့သည် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများဖြစ်သည်။ ကင်ညာနှင့် ကမ္ဘောဒီးယားကဲ့သို့သော နိုင်ငံများတွင် မိသားစု ထောင်ပေါင်းများစွာသည် ဆင်းရဲမွဲတေလျက်ရှိသော အခြေအနေရပ်များ၌ နေထိုင်ရန် အတင်းအကျပ်ပြုခံရပြီး သက်ဆိုင်ရာအာဏာပိုင်များက ၎င်းတို့နှင့် ညှိနှိုင်းခြင်းမပြုဘဲ နေထိုင်ရာနေရာမှ ချက်ချင်းဖယ်ရှားခံရမည့် ခြိမ်းခြောက်မှုနှင့် အဆက်မပြတ် ရင်ဆိုင်နေရသည်။ အစ္စရေးက ကာဖျူးမိန့်များထုတ်ပြန်ခြင်းနှင့် လမ်းများကို ပိတ်ဆို့ထားခြင်းတို့ကြောင့် ပါလက်စတိုင်းကလေးများ ကျောင်းမသွားရသည့် အနေအထားမျိုးနှင့်လည်း ရင်ဆိုင်ရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အတင်းအဓမ္မ အိမ်ထောင်ချထားခြင်းခံရပြီး မိခင်တစ်ဦးအား စောင့်ရှောက်မှုအခြေခံစံနှုန်းများ ထောက်ပံ့ပေးခြင်းမရှိသည့် လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများစွာတို့ ကလေးမွေးဖွားစဉ် သေဆုံးကြရသည်။ ၎င်းတို့အားလုံးသည် အခြေခံလူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများ ဖြစ်ကြသည်။

ဆင်းရဲမွဲတေလျက် နေထိုင်နေရခြင်းသည် ရုပ်ဝတ္ထုပစ္စည်းချို့တဲ့ခြင်းထက် ပိုမိုဆိုးရွားသောအရာဖြစ်သည်။ ဆင်းရဲမွဲတေသူများသည် ၀ိုင်းပယ်ခံရခြင်း၊ ၎င်းတို့၏ဘဝအပေါ် သက်ရောက်မည့် ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပါဝင်သြဇာသက်ရောက်ခွင့် မရခြင်းတို့ဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးလျက်ရှိသည်။ ဥပမာအားဖြင့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ဒေသခံအာဏာပိုင်များက အိမ်ရာဆောက်လုပ်မည့်ကုမ္ပဏီများကို မြေနေရာရောင်းချလိုသောကြောင့် လူပေါင်း ၇,၀၀၀ ကျော်ကို ၎င်းတို့နေထိုင်ရာနေရာမှ အတင်းအဓမ္မဖယ်ရှားရန် ကြိုးပမ်းမှုအား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဝင်ရောက်ကန့်ကွက်ခဲ့သည်။ ညသန်းခေါင်ယံအချိန်၌ လူများကို နေအိမ်များမှ အတင်းမောင်းထုတ်ကာ အိမ်များကို ဘူဒိုဇာများဖြင့် ဖျက်ဆီးခြင်းပြုလုပ်ကြသည်။ ယင်းကဲ့သို့ပြုလုပ်စဉ် ပြုလုပ်သူများကို ရဲတပ်ဖွဲ့က အသင့်အနေအထားဖြင့် နေရာယူလျက် ကာကွယ်ပေးထားသည်။ ယင်းကိစ္စသည် လူ့အခွင့်အရေးဆိုင်ရာပြဿနာဖြစ်ကြောင်း အငြင်းပွားဖွယ်ရာမရှိပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပဋိပက္ခများ သို့မဟုတ် ဘေးအန္တရာယ်များ၏ ဒဏ်ခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးရန်နှင့် ဖွံ့ဖြိုးရေးအတွက် ကူညီရန် တာဝန်ရှိသည်။ ၎င်းအပြင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုများရရှိအောင် အဆက်မပြတ် အကောင်အထည်ဖော်ရေးသည်လည်း အရေးကြီးသည်။ လူတိုင်းအနေဖြင့် လူနေမှုစံသတ်မှတ်ချက် အလုံအလောက်ရရေး၊ ငတ်မွတ်မှုမှ ကင်းဝေးရေး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုရရှိရေးနှင့် အနည်းဆုံး အခြေခံအဆင့်ပညာရေးကို အခမဲ့ သင်ယူခွင့်ရရေးတို့သည် နိုင်ငံတကာဥပဒေများအရ အခြေခံလူ့အခွင့်အရေးများဖြစ်သည်။ သို့သော် ဒုတိယကမ္ဘာစစ်ပြီးနောက် ရေးဆွဲထားသည့် မူရင်းလူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များသည် ယခုအခါ ဆယ်စုနှစ်ပေါင်း အတန်ကြာလာပြီးနောက် လမ်းကြောင်းများ ပြောင်းလာပြီး အစိုးရအဖွဲ့များကလည်း လိုက်နာလိုက လိုက်နာနိုင်ပြီး မလိုက်နာလိုပါကလည်း နေနိုင်သည်ဟု ယူဆလာကြသည်။ အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအားလုံးကို ဆင်းရဲမွဲတေမှုနှင့်ပတ်သက်သော အခြေခံလူ့အခွင့်အရေးအတွက် တာဝန်ယူရန်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာ့ဘဏ်၊ UNDP နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ ပူးတွဲပြုစုသည့် နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇-ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာက မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ၁၁ ဒသမ ၈ သန်းရှိပြီး နိုင်ငံ့လူဦးရေ၏ ၂၄ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကာ လူဦးရေအများအပြား ဆင်းရဲတွင်းသို့ပြန်ဆင်းနိုင်သည့် ထိခိုက်ဖွယ် အခြေအနေတွင်ရှိသည်ဟု ဖော်ပြခဲ့သည်။ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံရှိ ဆင်းရဲနွမ်းပါးသူဦးရေ များစွာကျဆင်းပြီး နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်သို့ ရောက်ရှိနေသည့်လူဦးရေသည် ၂၀၀၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ လူဦးရေတိုးလာသော်လည်း ဆင်းရဲနွမ်းပါးသူအရေအတွက် ၂၀၀၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၁၁ ဒသမ ၈ သန်း လျော့ကျသွားသည်ဟု ဆိုရမည်။ သို့သော်လည်း မမျှော်လင့်ဘဲ ကျရောက်သည့် ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရခြင်းကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ အများအပြားသည် ထိခိုက်လွယ်သောအုပ်စုမှ ဆင်းရဲနွမ်းပါးသည့်အုပ်စုသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်ဟု အစီရင်ခံစာက ခန့်မှန်းတွက်ချက်ဖော်ပြထားခြင်း ခံခဲ့ရသဖြင့် သတိပြုရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှုသည် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာ တစ်ရပ်ဖြစ်သည်သဖြင့် အလေးထားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent