လူသေဆုံးမှုများရှိခဲ့သည့် နှိမ်နင်းမှုနှင့်ပတ်သက်၍ ဂျာမနီက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်

လူသေဆုံးမှုများရှိခဲ့သည့် နှိမ်နင်းမှုနှင့်ပတ်သက်၍ ဂျာမနီက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်
Published 2 March 2021
Ref: AFP

မတ် ၁ ရက်တွင် ဂျာမနီနိုင်ငံသည် လူသေဆုံးမှုများ ရှိခဲ့သည့် ဆန္ဒပြသူများကို နှိမ်နင်းမှုအား အပြင်းအထန် ဝေဖန်ခဲ့ပြီး ၎င်းတို့၏ ပြစ်တင်ဝေဖန်မှုကို ဖော်ပြရန်အတွက် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေဆုံးမှုတွေ ဖြစ်ပေါ်အောင် အကြမ်းဖက်မှုမျိုးဟာ တရားမျှတမှု မရှိနိုင်ပါဘူး” ဟု ဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင်ဆေးဘတ်က နှိမ်နင်းမှုနှင့်ပတ်သက်၍ အ့ံသြတုန်လှုပ်ကြောင်း ဖော်ပြလျက် ပြောကြားခဲ့သည်။

အာဏာကို စွန့်လွှတ်ရန်နှင့် ဖေဖော်ဝါရီ အစောပိုင်းတွင် ထိပ်တန်းနိုင်ငံရေးမဟာမိတ်များနှင့်အတူ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရသော အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် လမ်းပေါ်ထွက် ဆန္ဒပြမှုများကို ထိန်းချုပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရုန်းကန်နေရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အင်အားကို သိသိသာသာ တိုးမြှင့်လိုက်ပြီး နိုင်ငံတစ်လွှားရှိ အနည်းဆုံး မြို့ကြီးလေးမြို့တွင် ဆန္ဒပြသူများကို သေဆုံးစေနိုင်လောက်အောင် ပစ်ခတ်မှုများနှင့်အတူ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့က CDM လှုပ်ရှားမှုများကို ဖြိုဖျက်ရန် ကြိုးပမ်းလာခဲ့သည်။

အကြမ်းဖက်မှုများကို အပြစ်တင်လျက် ဆေးဘတ်က နှိမ်နင်းမှုများကို အဆုံးသတ်ရန်နှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ဂျာမနီအစိုးရအနေဖြင့် မြန်မာနိုင်ငံကို တောင်းဆိုလိုက်ကြောင်း ပြောကြားခဲ့သည်။

အပြန်အလှန် ဆွေးနွေးမှုမှတစ်ဆင့် ဒီမိုကရေစီလုပ်ငန်းစဉ်သို့ ပြန်သွားရန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်လည်း ဂျာမနီအစိုးရက တောင်းဆိုခဲ့သည်။

“ ဒီအနေအထားကို ရှင်းရှင်းလင်းလင်း သိစေဖို့ မြန်မာသံအမတ်ကြီးကို ဒီနေ့ ဆင့်ခေါ်ခဲ့ပါတယ်” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Most Read

Most Recent