အချိုးကျ ကိုယ်စားပြုစနစ်အား မည်သည့်လွှတ်တော်နှင့် မည်သည့်အချိန်တွင် စတင်ကျင့်သုံးသင့်ကြောင်း နိုင်ငံရေးပါတီများထံမှ အကြံပြုချက် ရွေးကောက်ပွဲကော်မရှင် တောင်းခံ 

အချိုးကျ ကိုယ်စားပြုစနစ်အား မည်သည့်လွှတ်တော်နှင့် မည်သည့်အချိန်တွင် စတင်ကျင့်သုံးသင့်ကြောင်း နိုင်ငံရေးပါတီများထံမှ အကြံပြုချက် ရွေးကောက်ပွဲကော်မရှင် တောင်းခံ 
Published 1 March 2021



ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သော အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်ပတ်သက် ၍  လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက် များ ပေးပို့ရန် နိုင်ငံရေးပါတီများကို ဖေဖော် ၀ါရီ ၂၈ ရက်နေ့စွဲဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အကြောင်းကြား ထားကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၆ ရက်က ရွေးကောက်ပွဲ ကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းပွဲတွင် ပါတီအချို့က လက်ရှိ ကျင့်သုံးနေသည့် မဲအများဆုံးကိုယ်စားလှယ် အနိုင်ရစနစ် (FRTP) အစား အချိုးကျကိုယ် စားပြုစနစ် (PR) ပြောင်းလဲကျင့်သုံးသင့် ကြောင်း တင်ပြမှုများအရ ယခုကဲ့သို့  ပါတီ များထံမှ အကြံပြုချက်တောင်းခံခြင်းဖြစ် ကြောင်း ကော်မရှင်မှ နိုင်ငံရေးပါတီများထံ  ပေးပို့သည့် အကြောင်းကြားစာအရ သိရ သည်။ 

အဆိုပါတင်ပြချက်များအပေါ် ကျယ် ပြန့်စွာ လေ့လာသုံးသပ်နိုင်ရေးအတွက် PR စနစ်ကို  မည်သည့်လွှတ်တော်၊ မည်သည့် အချိန်တွင် စတင်အသုံးပြုသင့်သင့်ကြောင်း လေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ ပြုစုပေးပို့ရန်ဟူ၍ ကော်မရှင်အကြောင်း ကြားစာတွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ ၂၆ ရက်က ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမှုတွင် လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်အစား PR စနစ်ပြောင်းလဲကျင့်သုံးကြောင်းကို  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ တင်သွင်းအဆိုပြုခဲ့ခြင်းဖြစ်ပြီး အခြားပါတီသုံးခုက အဆိုကို ထောက်ခံဆွေးနွေးခဲ့ ကြောင်း သိရသည်။ 

“အဲနေ့တုန်းကဆို ပထမဆုံးအဆိုကို ကျွန်တော် တင်သွင်းတာပါ။ ရွေးကောက်ပွဲ စနစ်ကို ပြန်လည်စဉ်းစားဖို့ပေါ့။ အဲလို စဉ်း စားတဲ့နေရာမှာ စစ်မှန်တဲ့ကိုယ်စားပြုမှုနဲ့ အားလုံးပါဝင်တဲ့ All Inclusive ဖြစ်ဖို့အ တွက် ပါတီစုံဖို့အတွက် ဒီရွေးကောက်ပွဲစနစ် အဟောင်းနဲ့ သွားနေလို့ မသင့်တော်ဘူးဆို တာကို ကျွန်တော် တင်ပြတာပါ။ ကျန်တဲ့ ပါတီတွေက ၀ိုင်းဝန်းထောက်ခံ ဆွေးနွေးကြ ပြီးတော့  တချို့ပါတီတွေကလည်း  တောင်း ဆိုကြတာပါ” ဟု  အစည်းအဝေးသို့ တက် ရောက်ဆွေးနွေးခဲ့သည့် NDF ပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြော ကြားသည်။ 

NDF ပါတီသည် ပထမအကြိမ် လွှတ် တော်သက်တမ်းတွင်လည်း PR ရွေးကောက် ပွဲစနစ်ကျင့်သုံးရန် တင်ပြခဲ့ဖူးပြီး အောင်မြင် ခြင်း မရှိခဲ့ပေ။ 

နိုင်ငံရေးပါတီများ ပြုစုပေးပို့လာသည့် စာတမ်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီ များ ထပ်မံတွေ့ဆုံသည့် ဆွေးနွေးပွဲများတွင် ဆွေးနွေးသုံးသပ်သွား မည်ဟု ကော်မရှင်က နိုင်ငံရေးပါတီများထံ ပေးပို့စာတွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ဦးသိန်းစိုး ဦးဆောင်သော ရွေးကောက်ပွဲ ကော်မရှင်အသစ်နှင့် ပါတီများ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့  ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊  ပြည်သူ့ရှေ့ ဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၅၃ ပါတီ တက်ရောက်ပြီး  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့ပါတီနှင့် ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီ ၃၈ ပါတီ တက်ရောက်ခြင်းမရှိကြောင်း သိရ သည်။ 

ဖေဖော်ဝါရီ ၂၆ ရက် အစည်းအဝေး တက်ရောက်ခြင်းမရှိသည့် နိုင်ငံရေးပါတီ များထဲမှအချို့ကို ထပ်မံမေးမြန်းချက်အရ လက်ရှိပေးပို့လာသည့်  PR စနစ်နှင့်ပတ် သက်၍ အကြံပြုချက်ပေးပို့ရန်ဆိုသောကိစ္စ ကိုလည်း ပူးပေါင်းဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်မည်မဟုတ်ကြောင်း သိရသည်။

 

Most Read

Most Recent