သည်နှစ်နွေ၏ နိဒါန်းပျိုးမှုက နည်းနည်းတော့ နောက်ကျခဲ့ဟန်တူသည်။ စိတ်ကိုက မြန်ချင်လို့ပဲလား မသိ။ နွေဦး၏ အရိပ်ရောင်တွေက အလာကျဲနေသလို ထင်ရသည်။ မနှစ်များကဆိုလျှင် သည်အချိန်မှာ လက်ပံပင်တိုင်း ရဲရဲနီစွာပွင့်အာလျက်ရှိသည်။ လေကလည်း နွေ၏ လွှမ်းမိုးမှုအောက်မှာ မတည်ငြိမ်နိုင်ဘဲ တောင်လေတိုက်လိုက်၊ မြောက်လေပြန်လိုက်ဖြင့် ဂနာမငြိမ်နိုင်။ သည်နှစ်တော့ တောင်လေ၏ အတွေ့အထိကို ကောင်းကောင်း မခံစားမိသေး။ သို့သော် နေ့ခင်းနေ့လယ် ရောက်ပြီဆိုလျှင်ဖြင့် မသိမသာလေး ဝေ့ဝဲတိုက်ခတ် သွားတာကို ခံစားမိသလို။ ထို့အတူ အပူဒဏ်လေး ကဲလာတာကိုလည်း သတိထားမိသည်။
သည်လောက်အစွမ်းပြမှုလေးဖြင့် စိတ်ကနွေဟူ၍ အသိမှတ်မပြုချင်။ သည်လောက် လေရူးလေးဖြင့် နွေဦးဆိုပြီး အရသာမခံချင်။ ဥပမာ ရွာထိပ်က လက်ပံပင်ကြီးက ရဲရဲနီပြီး ရွာလယ်လမ်းမကြီးဆီက ဖုန်အလုံးတို့သည် တောင်ရောက်လိုက် မြောက်ရောက်လိုက် မြင်ရမှကျေနပ်မည့် သဘော။ ခုတော့ ရွာထိပ်က လက်ပံပင်ကြီးလည်း တစ်ပင်လုံး စုံစုံညီညီ မပွင့်သေး။ တစ်ပင်လုံး နီဖို့ တစ်ပတ်လောက်တော့ စောင့်ရဦးမည်။ သည်တော့နွေဦးကို ဖမ်းဆုပ်ချင်နေသောစိတ်များက တစ်ပတ်လောက် သည်းခံရဦးမည်။
အတွေးဖြင့် ပေလမ်းဘက်ကို ဦးတည်ပြီး နွေ၏ အခင်းအကျင်းများကို ရှာဖွေကြည့်မိသည်။ နွေ၏ ပြယုဂ်ကို ထင်ထင်ရှားရှား ထုတ်ပြနိုင်သူမှာ သစ်ပင်တွေပဲ ဖြစ်လိမ့်မည်။ နောက်မိုး၏တာဝန်မကျေမှုကြောင့် မဖြစ်ထွန်းခဲ့သည့် တစ်တောင့်တစ်ထွာ နေကြာခင်းလေးကတော့ ခြောက်သွေ့နွမ်းရိနေသည်။
ထို့အတူ မျက်စိထဲပေါ်လာသည့် တမာပင်မှာလည်း အရွက်ကလေးတွေ ၀ါနေသည်။ ထနောင်းပင်နှင့် ကုက္ကိုပင်တချို့ကတော့ စိမ်းစိမ်းစိုစိုရှိနေဆဲ။ ရွာအဝင်၏အလှကို သစ်ပင်များဖြင့် တန်ဆာဆင်တတ်သလို ဘုရားကျောင်းကန်များဖြင့် တင့်တယ်စေခဲ့သော ရှေးလူကြီးများကို ကျေးဇူးတင်မိသွားသည်။
ရွာထိပ်မှာ ကုက္ကိုတန်းတို့ တမာတန်းတို့ဆိုသည့် လွမ်းစရာအမည်လေးတွေက သစ်ပင်စိုက်တတ်သူများကို အောက်မေ့ချင်စရာကောင်းသည်။ တမာတန်း၊ မန်ကျည်းတန်းတို့ဆိုသည့် အမည်တို့ကို ကြားကတည်းက ထိုသစ်ပင်များသည် အလေ့ကျ၍ ပေါက်တာမဟုတ်ကြောင်း သိနိုင်သည်။
သေချာ ရည်ရွယ်ချက်ရှိရှိ စိုက်ထား၍သာ အတန်းလိုက်ဖြစ်နေခြင်းပင်။ ရှေးလူကြီးများက ရွာထိပ်မှာ အတန်းလိုက် စိုက်ထားခဲ့အတွက် ခုချိန်အခါမှာ အရိပ်အာဝါသကောင်းကောင်းဖြင့် ရွာ၏ကျက်သရေဆောင် ဖြစ်လာခဲ့သည်။ ထို့အတူ ခရီးသွားသည့်အခါ တွေ့ရတတ်သည့် သစ်ပင်အတန်းလိုက်လေးတွေကလည်း ထိုဒေသ၏ အလွမ်းဓာတ်ကို ဖွဲ့စည်းထားသလို။ ပုဂံရောက်လျှင် ထန်းတောလေးတွေကို အတန်းလိုက်မြင်ရ သည်။
ဘုတလင်မြို့အဝင်မှာတော့ တမာပင်များကို အတန်းလိုက်တွေ့ရသည်။ ထို့နည်းအတူ တံတားဦးမြို့၏ အရှေ့ဘက် အမြန်လမ်းမှာတော့ ကုက္ကိုပင်များကို ဘေးတစ်ဖက်တစ်ချက်ဆီမှာ အတန်းလိုက်တွေ့ရသည်။ ကျောက်ဆည်မြို့ အနောက်ဘက်ထွက်သည့်လမ်းမှာတော့ ထနောင်တန်းများက အတန်းလိုက်အစီလိုက် ဖြစ်သည်။
ထို့နည်းအတူ မွေးရပ်မြေရွာအဝင်က မန်ကျည်းပင်တွေ စီစီရီရီ။ သစ်ပင်စိုက်တတ်သူများ၏ ကျေးဇူးက ကြီးမားခဲ့သည်။ ထိုသို့သစ်ပင်များကို အတန်းလိုက်စိုက်ထားခဲ့သော ပုဂ္ဂိုလ်အမျိုးမျိုး၏ ရည်ရွယ်ချက်က အရိပ်ရဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းဖြစ်သည်။
သို့သော် အကျိုးကတစ်ခုတည်းမဟုတ်ဘဲ အများကြီးဖြစ်လာတော့သည်။ ပြီးတော့ လေးစားချစ်ခင်ရသော စာရေးဆရာကြီးများကို ကိုယ်စားပြုပြီး သစ်ပင်လေးတွေ စိုက်တတ်သည့် ဆရာ(ဦး)နေဝင်းမြင့်နှင့် ဆရာမ (ဒေါ်) ခင်ခင်ထူးတို့ ဇနီးမောင်နှံ၏ အိမ်ဝိုင်းလေးက မျက်စိထဲပေါ်လာသည်။ စာရေးဆရာ၏ စိတ်ကူးဆိုတာ အင်မတန် လေးစားကြည်ညိုစရာကောင်းသည်။ နုသည်။ ယဉ်သည်။ လှသည်။ ခေတ်မီသည်။ သိမ်မွေ့သည်။ အင်မတန်ကောင်းမြတ်သော အတွေးများကို သူတို့နှလုံးသားနှင့် ဦးနှောက်က ချင့်ချိန်ပြီး ထုတ်သုံးတတ်ကြသည်။
ကြည့်ပါလား သစ်ပင်စိုက်တာကို ရိုးရိုးမဟုတ်ဘူး။ နုသော၊ ယဉ်သော၊ သိမ်မွေ့သော၊ ကျေးဇူးသိတတ်သော အတွေးများဖြင့် စိုက်ထားပုံက လေးစားစရာ။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကို ရည်ရွယ်ဦးညွတ်ပြီး စိုက်ထားသည့်အပင်က စွယ်တော်ပင်။ ဆရာကြီးမြသန်းတင့်နှင့် ဦးသိန်းဖေမြင့်အတွက်က တမာပင်။ ဆရာဇော်ဂျီကို ရည်ရွယ်ထားသည့်အပင်က ပိတောက်ပင်တဲ့။ ဆရာမင်းသုဝဏ်အတွက်ကျတော့ ပျဉ်းမပင်တဲ့။ စသည့် စိတ်ကူးချိုချိုလေးများဖြင့် စိုက်ထားသည့် ဆရာမ၏ အိမ်ဝိုင်းလေးထဲကို စိတ်ကူးဖြင့် ရောက်ရှိသွား သည်။
စိတ်ကူးဖြင့်ကြည့်ပြီး ကြည်နူးရသည်။ တကယ်တော့ ဆရာ(ဦး)နေဝင်းမြင့်နှင့် ဆရာမ(ဒေါ်)ခင်ခင်ထူးတို့ စာပေဇနီးမောင်နှံကို စာရေးသူတို့လို ကလောင်နုလေးတွေအနေဖြင့် ပုဂ္ဂိုလ်ရင်းနှီးမှုမရှိပါ။ သို့သော် ဆရာတို့ စာပေဇနီးမောင်နှံရေးသည့် စာအုပ်တို့ကိုဖတ်ပြီး လေးစားရသည်။ ဆရာတို့ ဇနီးမောင်နှံအကြောင်းကို စာပေအသိုင်းအဝိုင်းက ပြောသံကြား၍ ကြားဖူးနားဝရှိသည်။
ဆရာတို့ဇနီးမောင်နှံကို မရင်းနှီးပေမဲ့ ချစ်ခင်ရသည်။ သည်လောက်သာ ဖြစ်သည်။ သူတို့အကြောင်းကို ရေးထားသည့် ဆရာမောင်ရင့်မာ၏ အက်ဆေးကို ဖတ်ရသည့်အချိန်မှာတော့ ဆရာ(ဦး)နေဝင်းမြင့်နှင့်ဆရာမ (ဒေါ်)ခင်ခင်ထူးက သူတို့ အိမ်ဝိုင်းလေးထဲကိုခေါ်ပြီး ဧည့်ခံပြသခဲ့သည့်အတိုင်း ခံစားလိုက်ရပါသည်။
ထိုနည်းကို အမိရယူပြီးစာရေးသူလည်း အိမ်ဝိုင်းထဲကို သစ်ပင်လေးတွေ စိုက်ချင်စိတ်ပေါက်လာသည်။ ဆရာမ(ဒေါ်)ခင်ခင်ထူးလို ရှေးဆရာများကို ကိုယ်စားပြုချင်မိသည်။ တကယ်လုပ်ဖြစ်ဖို့ အားစိုက်ရမည်။ သစ်ပင်လေးတွေ ကြီးလာသည့်အခါ ဆရာနေဝင်းမြင့် ဇနီးမောင်နှံကို ဖိတ်ပြီးပြရမည်။ အတွေးလေးဖြင့် စိတ်ကူးယဉ်လိုက်တော့ ကိုယ့်ဘာသာကျေနပ်ပြီး ခပ်ရို့ရို့လေးတောင် ပြုံးပျော်မိသွားသည်။
တကယ်လုပ်ဖြစ်လျှင်ဖြင့် သည့်ထက်ပြုံးပျော်နိုင်မည့် အလုပ်တစ်ခုပင်။ တော်တည့်မှန်ကန်ပြီး စာပေချစ်စိတ်ဖြင့် မွန်းမံထားသော စာပေဇနီးမောင်နှံဆီက အလေ့အကျင့်လေးတွေက အားကျနည်းယူစရာများ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဆရာမောင်ရင့်မာ၏ ကျေးဇူးကမနည်း။ ဆရာနေဝင်းမြင့်တို့ဇနီးမောင်နှံအိမ်ကို စာပေထဲကနေ အလည်ခေါ်သွားသည်။ ပြီးတော့ ဆရာမ (ဒေါ်) ခင်ခင်ထူး စိုက်ထားသည့် သစ်ပင်လေးတွေနှင့် မိတ်ဆက်ပေးသည်။
စာပေဇနီးမောင်နှံအပေါ် လေးစားရသည့်စိတ်က စာပေ ကြောင့်ဆိုသည့် အကြောင်းပြချက် တစ်ခုတည်း မဟုတ်တော့ဘဲ သစ်ပင်စိုက်တတ်သော စိတ်ကူးလေးတစ်ခုပါ အပိုပါလာခဲ့သည်။ သစ်ပင်စိုက်တတ်သူများ စာရင်းထဲတွင် ဆရာနေဝင်းမြင့်တို့ ဇနီးမောင်နှံလည်း သေချာပေါက် စာရင်းဝင်ခဲ့သည်။
သစ်ပင်စိုက်ခြင်းအကြောင်းများကို ဆက်တွေးမိတော့ အမေ့၏ အမေစာရေးသူ၏အဘွား ဒေါ်သန်းလှ၏ စိတ်ကူးကလည်း လေးစားစရာ။ ရွာထိပ်က ဘုရားကိုးဆူမှာ အဘွားက ဗောဓိပင်စိုက်သည်။ သိုး၊ ဆိတ်များ၏ အန္တရာယ်ကြောင့် အဘွားစိုက်သမျှ အပင်တိုင်းက မရှင်သန်နိုင်။ သို့သော် အဘွားက နောက်မဆုတ်ဘဲ လေးငါးကြိမ်အထိ ကြိုးစားပြီး စိုက်ခဲ့သည်။
သည်တော့ ရှားရှားပါးပါးတစ်ပင်က ရှင်သန်ခဲ့သည်။ ဗောဓိပင်စိုက်သူက အရိမေတ္တေယျဘုရားနှင့် ဆုံတွေ့ရမည်ဆိုသည့် ဆရာတော်တစ်ပါး၏ တရားကိုနာကြားခဲ့လို့ဆိုပြီး အဘွားကကြိုးစားပြီး စိုက်ခဲ့ကြောင်း ပြောပြသည်။
ပြီးတော့ ဗောဓိပင်ကိုကြည့်ပြီး ပြုံးပျော်နေတတ်သည်။ တစ်ဘဝလုံး ပျော်ချင်လျှင် သစ်ပင်စိုက်ဟူဟော စာတန်းလေးက အမှန်ပင်။တကယ်တော့ အဘွားစိုက်ထားသည့်အပင်က ရုက္ခဗေဒသမားတို့ အလိုအရဆိုလျှင် ညောင်ပင်သာ ဖြစ်သည်။ ဗောဓိပင်ပဲပြောပြော ညောင်ပင်ပဲခေါ်ခေါ် အဘွားစိုက်ပျိုးမှုကတော့ အောင်မြင်ခဲ့သည်။
ကံအကြောင်းလှတော့ ထိုနေရာက ဘုန်ကြီးကျောင်းဖြစ်ခဲ့ပြီး ခုဆိုလျှင် ကိုရင်သာမဏေလေးများ၏ စာအံကျောင်းပြန် နားခိုစရာအဖြစ် တည်ရှိနေခဲ့သည်။ အဘွားက ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်ပီတိဖြစ်ရကြောင်း ခဏခဏပြောပြတတ်သေးသည်။ မည်သို့ဆိုစေ အဘွားကလည်း သူတစ်ဦး ဖြစ်ခဲ့သည်။
အဘွားစိုက်သောအပင်၏ အကျိုးက လက်ရှိအကျိုးပေးပြီး ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုခဲ့သည်ပင်။ အဘွားနည်းအတူ ရှေးလူကြီးများက သစ်ပင်စိုက်တတ်ကြသည်။ နောက်လူငယ်များ အတုယူစရာဖြစ်သည်။ စာရေးသူ၏အဖေဆိုလျှင် အသက်ကြီးပေမဲ့ သူသက်ရှိထင်ရှားရှိစဉ်မှာ မစားရလည်း နောင်လာမည့် မြေးမြစ်တွေအတွက်ရည်ရွယ်ပြီး သရက်ပင်လေးတွေ စိုက်ခဲ့သည်။
သို့သော် အဖေကိုယ်တိုင် သက်ရှိထင်ရှားရှိစဉ်မှာပဲ သရက်ပင်လေးတွေက အသီးပွင့်ဝေဆာပြီး သရက်သီးချိုချိုလေးများကို သီးပေးခဲ့သည်။ အဖေဆိုလျှင် “ငါ့အတွက် စိုက်ထားတာမဟုတ်ဘူးကွ။ ဒါပေမဲ့ ငါလည်းစားရတယ်ဆိုတော့ ကံကောင်းတာပေါ့” ဆိုပြီး ပြောပြောပြီး ပြုံးပြုံးကြီးလုပ်တတ်သေးသည်။
သည်လို သစ်ပင်စိုက်တတ်သူများအကြောင်းကို တွေးမိတော့ နွေဦးကို မျှော်လင့်မိသည့်စိတ်က နောက်ရောက်သွားသည်။ သစ်ပင်စိုက်တတ်သူများအကြောင်းကို တွေးပြီး ကြည်နူးရပေမဲ့ သစ်ပင်မစိုက်တတ်သူများအကြောင်းကို တွေးမိတော့ စိတ်ညစ်ညူးရသည်။သစ်ပင်စိုက်လျှင် ပျော်ရသည်ဆိုပေမဲ့ သစ်ပင်မစိုက်တတ်၍ ဒုက္ခရောက်ခဲ့ပုံများက စိတ်ထဲပေါ်လာသည်။
ပူပြင်းသောဒေသမှာ ထနောင်း၊ မန်ကျည်း၊ တမာစသည့် အရိပ်ရသစ်ပင်များကို စိုက်ရမည်ဆိုပေမဲ့ ရွာလေးတစ်ရွာ၏ ရွာအဝင်ထိပ် ကွင်းပြင်ကျယ်ကျယ်မှာတော့ ဆူးတွေနဲ့ ရစ်ပတ်ထားသည့် သစ်ပင်များကို လွန်ခဲ့သော ၁၀ နှစ်ကျော်က စိုက်ခဲ့ကြသည်။
သည်တော့ နှစ်ကြာသည်အထိ ထိုဆူးပင်များက ရှင်သန်ခဲ့သည်။ ဒါပေမဲ့ မည်သည့်ကောင်းကျိုးမှ မပေးခဲ့။ အရိပ်လည်းမရ။ အသီးလည်းမစားရ။ သူတို့ရည်ရွယ်ချက်ဖြစ်သည့်တောဖြစ်ဖို့ဝေးစွ အပင်၏ မြေဆီမြေလွှာစုပ်ယူမှုကြောင့် ထိုအနီးတစ်ဝိုက်က သစ်ပင်တွေ အကုန်သေခဲ့ရပုံကို ထိုရွာလေးကိုရောက်တိုင်း ရင်းနှီးသူများက ပြောပြကြသည်။
သည်တော့ သစ်ပင်မစိုက်တတ်သူများကြောင့် ဒုက္ခရောက်ပုံကိုလည်း သတိပြုသင့်သည်။ မှန်ပါသည်။ ကန္တာရဆူးဆိုလျှင် အလွန်အဆိပ်ပြင်းသည်။ နောက်ပြီးအညာမှာ လက်ဝါးဆူးလို့ခေါ်သည့် ဆူးပင်က ဆူးကလည်းဆူးမိလျှင် အတော်ခံရသည်။ ထိုအပင်များကိုသာ လူသွားလူလာမှာ စိုက်ထားခြင်းကို မြင်ရလျှင် တော်တော်စိတ်နောက်ရသည်။ ဆင်ခြင်စရာဖြစ်သည်။
မည်သို့ဆိုစေ ရွာထိပ်၊ ကန်ထိပ်၊ ကျောင်းထိပ်တို့မှာ မန်ကျည်း၊ တမာ၊ ထနောင်း၊ ကုက္ကိုပင်တို့ အတန်းလိုက် စိုက်ခဲ့သူများကို စိတ်ထဲကနေ အကြိမ်ကြိမ် ဦးညွတ်မိသည်။ သစ်ပင်စိုက်သူများနှင့် သစ်ပင်စိုက်တတ်သူများက လောကကြီးကို လှသထက်လှအောင် ၊ ယဉ်သထက်ယဉ်အောင်၊ ကောင်းသထက် ကောင်းအောင် ပြုလုပ်ခဲ့ကြတာဖြစ်ကြောင်း တွေးမိသွားသည်။
အိမ်ရောက်လျှင် ဇနီးသည်ကို သေချာပြောပြရမည်။ သစ်ပင်စိုက်ပါ။ သစ်ပင်စိုက်တတ်သူဖြစ်အောင် ကြိုးစားပါဟု သေချာဂရုတစိုက်ပြောပြရဦးမည်။










