ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အီရန်အား သတိပေးခြင်းဖြစ်ကြောင်း ဘိုင်ဒင် ပြောကြား

ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အီရန်အား သတိပေးခြင်းဖြစ်ကြောင်း ဘိုင်ဒင် ပြောကြား
Maxar နည်းပညာကုမ္ပဏီက ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံတွင် ဆီးရီးယား၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများကို တွေ့ရစဉ်(Photo:AFP)
Maxar နည်းပညာကုမ္ပဏီက ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံတွင် ဆီးရီးယား၌ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများကို တွေ့ရစဉ်(Photo:AFP)
Published 27 February 2021
Ref: AFP

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အီရန်၏ ထောက်ပံ့မှုကို ရရှိထားသည့် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားခဲ့သည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုသည် အီရန်အား သတိပေးခြင်းဟု ရှုမြင်သင့်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ခံရချိန်တွင် ဘိုင်ဒင်က “အရေးယူဒဏ်ခတ် မခံရဘဲ ဘာကိုမှ လုပ်လို့မရပါဘူး။ သတိထားပါ” ဟု တက္ကဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မုန်တိုင်းတိုက်ခတ်မှုများကြောင့် ကယ်ဆယ်ရေးအစီအစဉ်များအတွက် ရောက်ရှိလာသည့် ခရီးစဉ်အတွင်း ဟောက်စတန်မြို့၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် အီရန်တို့ကမူ ဖေဖော်ဝါ ရီ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဆီးရီးယား အစိုးရကမူ ယင်းတိုက်ခိုက်မှုသည် ဘိုင်ဒင်အစိုးရအဖွဲ့၏ ဆိုးရွားသည့် လက္ခဏာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အီရန်အစိုးရကလည်း ယင်းတိုက်ခိုက်မှုသည် ဒေသတွင်း မတည်ငြိမ်မှုများကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ၏ ပြောကြားချက်အရ F-15E “Strike Eagels” တိုက်လေယာဉ်နှစ်စင်းသည် ဖေဖော်ဝါရီ ၂၅ ရက်က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ လက်နက်ကိုင်များ၏ အဆောက်အအုံများအား ပစ်မှတ်ကိုတိကျစွာချိန်ထားသည့် ပဲ့ထိန်းဒုံး ခုနစ်လုံးဖြင့် ကြဲချခဲ့သည်ဟု ဆိုသည်။

ယင်းအဆောက်အအုံများသည် အီရန်ရှိ အမေရိကန်စစ်သားများကို ရော့ကက်များဖြင့် တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် အဆောက်အအုံများဟု ယုံကြည်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်သည် ပြတ်သားသည့် သတင်းစကားတစ်ခု ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ ယန်ဆာကီက ပြောကြားခဲ့သည်။

“ သူ (သမ္မတ ဘိုင်ဒင်) ဟာ အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ခြိမ်းခြောက်မှုတွေရှိလာချိန်မှာ သူ့အနေနဲ့ တစ်ချိန်တည်းမှာပဲ အရေးယူ လုပ်ဆောင်သွားမှာဖြစ်ပြီး သူ့ရဲ့ ရွေးချယ်မှု ပုံစံအတိုင်း လုပ်ဆောင်သွားပါလိမ့်မယ်” ဟု ဆာကီက ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကလည်း အစိုးရအဖွဲ့သည် မိမိတို့ပြည်သူများ၊ မိမိတို့ မိတ်ဖက်များနှင့် မိမိတို့၏ အကျိုးစီးပွားများကို ထိခိုက်လာမည်ဆိုလျှင် ဒဏ်မခတ်ဘဲ နေမည်မဟုတ်ဆိုသည့် အချက်ကို (အီရန်အား သိရှိစေရန်) ရှင်းလင်း ပြတ်သားစွာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ အီရန်အနေနဲ့လည်း အဲဒီအချက်ကို ကောင်းကောင်းကြီး သိရှိသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရကမူ ယင်းလေကြောင်း တိုက်ခိုက်မှုသည် အမေရိကန်၏ သူရဲဘောကြောင်သည့် ကျူးကျော်ရန်စမှုဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

“ ဒါဟာ အမေရိကန်အစိုးရအဖွဲ့သစ်ရဲ့ မူဝါဒတွေနဲ့စပ်လျဉ်းပြီး ဆိုးရွားတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်” ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယင်းတိုက်ခိုက်မှုများသည် တရားမဝင်ကြောင်း၊ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုများကြောင့် ဟာရှက် အယ်ရှာဘီ လက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

Most Read

Most Recent