ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးကို ယနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) တွင် ပြုလုပ်လျက်ရှိရာ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထားအား ပြောကြားခြင်း မပြုဘဲ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ၏ သဘောထားများကို ကိုယ်စားပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အင်္ဂလိပ်ဘာသာဖြင့် သုံးနှုန်းပြောကြားခဲ့ပြီး ယင်းပြောဆိုမှု ပြီးစီးခါနီးတွင် မြန်မာဘာသာဖြင့် ထည့်သွင်းပြောဆိုကာ အရေးတော်ပုံ အောင်ရမည်ဟု လက်သုံးချောင်းထောင်၍ ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက “မင်္ဂလာပါ။ ညီ အစ်ကို မောင်နှမများနှင့် သွေးချင်းညီ နောင်သားချင်းများခင်ဗျာ။ မိမိတို့ ဆောင်ရွက်နေတဲ့၊ စစ်တပ်အာဏာသိမ်းမှု ချက်ချင်းအဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အခြားမတရား ထိန်းသိမ်းခံထားရသူများ ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာဏာ ပြည်သူထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဒီအရေးတော်ပုံကြီး အောင်မြင်ရေး မိမိတို့ အလွှာအသီးသီးမှ ပြည်သူ ပြည်သားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက် နေတာကို ကျေးဇူးအထူး တင်ရှိပါတယ်။ ဆက်လက် ဆောင်ရွက် သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည် ဖြစ်ပါသည် ခင်ဗျာ၊ ပြည်သူသာ အဓိက။ အရေးတော်ပုံ ... အောင်ရမည်” ဟု လက်သုံးချောင်းထောင်၍ ပြောကြားခဲ့သည်။















