လော်ဂျစ်စတစ်ဟူသည် ...

လော်ဂျစ်စတစ်ဟူသည် ...
Published 25 February 2021

“ပရမ်းပတာဖြစ်မှုနဲ့ အစီအစဉ်ကျနမှုအကြား သတ်မှတ်ချက်မျဉ်းဟာ လော်ဂျစ်စတစ်ပေါ်မှာ တည်နေပါတယ်”

ဆွန်ဇူး (ဘီစီ ၅၄၄ - ဘီစီ ၄၉၆)

ရှေးခေတ်တရုတ်စစ်သူကြီး

လော်ဂျစ်စတစ် (Logistics) ဟူသည် အထွေထွေ သဘောအရ ရှုပ်ထွေးသော လုပ်ငန်းတစ်ရပ်နှင့် ပတ်သက်၍ ဖွဲ့စည်းမှုနှင့် အကောင်အထည်ဖော်မှုတို့အား အသေးစိတ်ချမှတ် ရေးဆွဲထားမှုဖြစ်သည်။ အထွေထွေ လုပ်ငန်းသဘောအရ လော်ဂျစ်စတစ်သည် စားသုံးသူများ သို့မဟုတ် ကော်ပိုရေးရှင်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် မူလစမှတ်နှင့် နောက်ဆုံးသုံးစွဲသည့် အမှတ်အကြား စီးဆင်းသော အရာရာကို စီမံခန့်ခွဲမှု ဖြစ်သည်။ လော်ဂျစ်စတစ်တွင် စီမံခန့်ခွဲရသည့် ရင်းမြစ်များ၌ စားနပ်ရိက္ခာ၊ အရာဝတ္ထုပစ္စည်း၊ တိရစ္ဆာန်၊ ကိရိယာ တန်ဆာပလာနှင့် အရည်များကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများ ပါဝင်သကဲ့သို့ အချိန်နှင့် အချက်အလက်များ ကဲ့သို့သော ဒြပ်မဲ့အရာများလည်း ပါဝင်သည်။ ရုပ်ဝတ္ထုပစ္စည်းများဆိုင်ရာ လော်ဂျစ်စတစ်တွင် အချက်အလက်များ စီးဆင်းမှုဆိုင်ရာ ပေါင်းစပ်မှု၊ ရုပ်ဝတ္ထု ပစ္စည်းများအား ကိုင်တွယ်မှု၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ တီထွင်မှု၊ ပို့ဆောင်မှု၊ သိုလှောင်မှုတို့အပြင် လုံခြုံရေးကိစ္စလည်း ပါဝင်တတ်သည်။

စစ်ပညာ၌ လော်ဂျစ်စတစ်သည် ရန်သူ၏ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ပြီး မိမိတို့၏ ထောက်ပံ့ရေး လမ်းကြောင်းကို ထိန်းသိမ်းရခြင်းနှင့် သက်ဆိုင်သည်။ ရင်းမြစ်များ လမ်းကြောင်းနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတို့ မရှိသော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့သည် ခုခံတိုက်ခိုက်နိုင်စွမ်းရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ လော်ဂျစ်စတစ်ကို ရှေ့ခေတ်ကတည်းက ကျင့်သုံးခဲ့ပြီး ခေတ်သစ်စစ်တပ်များတွင် လော်ဂျစ်စတစ်ဆိုင်ရာ ဖြေရှင်းမှုများနှင့် တိုးတက်သော အကောင်အထည် ဖော်မှုများ ဖွံ့ဖြိုးလာရန် သိသိသာသာ လိုအပ်လာသည်။ စစ်ဘက်ဆိုင်ရာ လော်ဂျစ်စတစ်တွင် လော်ဂျစ်စတစ်ဆိုင်ရာ အရာရှိများသည် လိုအပ်သည့် နေရာများသို့ ရင်းမြစ်များအား မည်သည့်အချိန်၌ မည်ကဲ့သို့ ရွှေ့ပြောင်းရမည်ကို စီမံရသည်။

လော်ဂျစ်စတစ် စီမံခန့်ခွဲမှုသည် စားသုံးသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အလို့ငှာ မူလစမှတ်နှင့် နောက်ဆုံး သုံးစွဲသည့် အမှတ်အကြား ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် သက်ဆိုင်ရာ အချက်အလက်များ စီးဆင်းမှုနှင့် သိုလှောင်မှုတို့ကို စီစဉ်ရန်၊ အကောင်အထည်ဖော်ရန်နှင့် ထိထိရောက်ရောက်နှင့် အလုံအလောက် ရှေ့ဆက်နိုင်ရေးနှင့် နောက်ပြန်လှည့်နိုင်ရေးတို့ကို ထိန်းချုပ်ရန် ထောက်ပံ့ရေး စီမံခန့်ခွဲမှု ကွင်းဆက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ လော်ဂျစ်စတစ်၏ ခက်ခဲရှုပ်ထွေးမှုများကို အသွင်ယူထားသည့် ကောင်းမွန်သော ဆော့ဖ်ဝဲများဖြင့် ပုံစံပြုခြင်း၊ သုံးသပ်ခြင်း၊ မြင်သာအောင် ပြုလုပ်ခြင်းနှင့် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ အားလုံးသော လော်ဂျစ်စတစ် နယ်ပယ်များတွင် ရင်းမြစ်များကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် သုံးစွဲရန်သည် ပုံမှန်စေ့ဆော်မှု တစ်ရပ်ဖြစ်သည်။ လော်ဂျစ်စတစ် စီမံခန့်ခွဲမှု နယ်ပယ်၌ ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ကိုင်သောသူကို လော်ဂျစ်စတစ်ရှန် (Logistician) ဟု ခေါ်သည်။

မည်သည့် လုပ်ငန်းကိုမဆို အကောင်အထည်ဖော်ရာ၌ လော်ဂျစ်စတစ် စီမံခန့်ခွဲမှုများက မရှိမဖြစ် လိုအပ်သည်သာ ဖြစ်သည်။ လော်ဂျစ်စတစ် စီမံခန့်ခွဲမှု ကျွမ်းကျင်ခြင်း မရှိပါက မည်သည့်လုပ်ငန်းကိုမျှ ရေရှည်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ယနေ့ခေတ်တွင် မည်သည့်လုပ်ငန်း နယ်ပယ်၌မဆို လော်ဂျစ်စတစ်၏ အရေးပါပုံအား စီမံခန့်ခွဲမှုများ ပြုလုပ်နေသူအားလုံး အနေဖြင့် ကောင်းစွာ သဘောပေါက် နားလည်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဖေဖော်ဝါရီ ၂၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent