နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေများအနေဖြင့် လက်ရှိအချိန်အထိ ရှေ့နေပါ၀ါ မရရှိသေးဟုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ရှေ့နေများအနေဖြင့် လက်ရှိအချိန်အထိ ရှေ့နေပါ၀ါ မရရှိသေးဟုဆို
Published 25 February 2021
ဇေယျာထွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသော အမှုများအတွက် လိုက်ပါ ဆောင်ရွက်မည့် ရှေ့နေများအနေဖြင့် လက်ရှိအချိန်အထိ ရှေ့နေပါ၀ါ မရရှိသေးကြောင်း ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

လာမည့်ရုံးချိန်းအထိ ရှေ့နေပါ၀ါ မရပါက ဥပဒေကြောင်းအရ လူ့အခွင့်အရေး အလုံးစုံထိခိုက်နိုင်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည့်အပေါ် ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှတစ်ဆင့် တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ရှေ့နေကိုယ်စားလှယ်လွှဲစာ မရရှိသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

“ရှေ့နေ ကိုယ်စားလှယ်လွှဲစာက ကျွန်တော်တို့တင်ထား ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ကြည်နိုုင် ဆီမှာပါ။ သူကလည်း အထက်ကိုတင်ပြီးပြီလို့ ပြောတယ်။ အဲဒီကနေ ပြန်မကျလာသေးဘူးလို့ ပြောတာပေ့ါ။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တဲ့ နေ့ကတည်းက တင်ထားတာ။ ရှေ့နေပါ၀ါ မရရင် ရှေ့နေအနေနဲ့ ဝင်ရောက်ဆောင်ရွက်ခွင့် မရသေးဘူး။ ရုံးချိန်းနေ့အထိ ရှေ့နေပါ၀ါ မရခဲ့ရင် ဥပဒေကြောင်းအရ လူ့အခွင့်အရေးအလုံးစုံကို ထိခိုက်သွားတာပဲ။ ဥပဒေနဲ့လည်း မညီဘူးလို့ပဲ ယူဆတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

မတ် ၁ ရက် ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (CMP) ဆောင်ရွက်သွားမည့်အပြင် တရားလိုပြ သက်သေများကိုပါ စစ်ဆေးမည်ဟု ကြားသိထားရကြောင်း ဦးခင်မောင်ဇော် ပြောကြားသည်။

“အဲဒီအချိန်မှာ စစ်ကြ၊ ဆေးကြပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေမပါဘဲနဲ့ သူကိုယ်တိုင်လည်း မေးဖို့မြန်းဖို့။ အခုဟာက တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်မှာ။ သူတို့ကို ပြန်လှန်မေးဖို့ အခွင့်အရေး ရှိတယ်လေ။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူလုပ်ဖို့အတွက် အခက်အခဲတွေ့မှာပဲ။ သူကိုယ်တိုင်လည်း သူ့ရဲ့ရှေ့နေနဲ့ ရပ်တည်ချင်ပါတယ်လို့ ပြောတာပေါ့။ ကျွန်တော်တို့မှာ စွပ်စွဲခံရသူအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို ကျွန်တော်တို့ အင်မတန် စိုးရိမ်တယ်” ဟု ဦးခင်မောင်ဇော်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ ရှေ့နေပါ၀ါ ရရှိမှသာ တရားစွဲဆိုထားသည့် အကြောင်းအရာ အချက်အလက်များအား လေ့လာခွင့်ရမည် ဖြစ်ကြောင်းနှင့် တရားရုံးဘက်မှလည်း လေ့လာခွင့်ပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။

“အမှုတွဲ နှစ်မှုစလုံး အခုထိ ကျွန်တော်တို့ မဖတ်ရသေးဘူး။ မသိရသေးဘူး။ အခုထပ်ပြီး စွဲလိုက်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေအရ စွဲလိုက်တဲ့ ပုဒ်မ ၂၅ က စွဲတာက ဘယ်နေ့က၊ ဘယ်နေရာမှာ၊ ဘာကိစ္စ၊ ဘယ်လိုလုပ်လို့ ဘာမှမသိသေးဘူး။ လာမယ့်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို စီစဉ်ပြီးတော့ တစ်ခါတည်းစစ်မယ်လို့ သိထားရတယ်။ အဲဒါဆိုလို့ရှိရင် ရှေ့နေအနေနဲ့ အဲဒီအချိန်ကျမှ ကိုယ်စားလှယ်စာ မရသေးဘူးဆို ရင် ကျွန်တော်တို့ ဝင်လို့မရသေးဘူး။ ရှေ့နေငှားပါမယ်လို့ ပြောထားတယ်။ ရှေ့နေငှားခွင့် ရှိသလားလို့ မေးတဲ့အခါမှာလည်း ရှိပါတယ်လို့ ပြောထားတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့် ရရှိရန်နှင့် တွေ့ဆုံခွင့် ရရှိရန်အတွက် တရားမကျင့်ထုံးဥပဒေ၊ အခြေခံဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည့်ပြည့်စုံစုံဖြင့် လျှောက်လွှာတင်ထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ မည်သည့်ရုံးမှ စစ်ဆေးခွင့်မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၁၅ အရ ဖြေရှင်းရန် တာဝန်မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း ဦးခင်မောင်ဇော်က ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖေဖော်ဝါရီ ၁၆ ရက်က ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ Video Conferencing စနစ်ဖြင့် ရုံးထုတ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် အား ပို့ကုန်သွင်း ဥပဒေပုဒ်မ (၈) အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ပြီး နိုင်ငံတော်သမ္မတအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားရုံးသို့ အမှုတစ်ခုလျှင် တရားလိုပြသက်သေ ကိုးဦးစီ တင်ပြထားကြောင်း သိရသည်။

Most Read

Most Recent