SNLD ပါတီ၊ ALD ပါတီအပါအဝင် UNA အဖွဲ့ဝင် ပါတီအများစု ရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးသို့ မတက်ရောက်

SNLD ပါတီ၊ ALD ပါတီအပါအဝင် UNA အဖွဲ့ဝင် ပါတီအများစု ရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးသို့ မတက်ရောက်
Published 25 February 2021

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအပါအဝင် UNA အဖွဲ့ဝင် ပါတီအားလုံးနီးပါး ဖေဖော်ဝါရီ ၂၆ ရက် နေပြည်တော်တွင် ပြုလုပ်မည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ကို နိုင်ငံရေးပါတီ ၁၃ ပါတီဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ တိုင်းရင်းသားပါတီများ ဖြစ်သည်။

“ကျွန်တော်တို့မူအရ မတက်ဘူးပေါ့။ ကျွန်တော်တို့ ပါတီဖွဲ့တာကိုက အာဏာရှင်ကို မကြိုက်လို့လေ။ အာဏာရှင်ကို တွန်းလှန်ဖို့ ပါတီကိုဖွဲ့တာလေ။ အခုက ဘာပဲဖြစ်ဖြစ် သူတို့ အာဏာထိန်းတယ်ပဲ ပြောပြော ဘာပြောပြော အာဏာရှင်စနစ်သွားတယ်လို့ မြင်တယ်။ အဲဒီတော့ မူအရ အများကြီး ကွဲပြားသွားတာပေါ့။ ဒါကြောင့် မတက်တာပါ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီအထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော် အာဏာသိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများနှင့် ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံရေးပါတီအချို့ တက်ရောက်မည်ဟု သတင်းရရှိပြီး  နိုင်ငံရေးပါတီအချို့နှင့် တိုင်းရင်းသားပါတီအချို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

အစည်းအဝေး မတက်ရောက်မည့် နိုင်ငံရေးပါတီများတွင် ၂၀၂၀ ရွေးကောက်ပွဲတွင်  တတိယအများဆုံး အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ အခုအာဏာသိမ်း စစ်ကောင်စီ လုပ်ဆောင်ချက်က သွေဖည် ဆန့်ကျင်နေတဲ့အတွက်ကြောင့်မို့ သူတို့ဖွဲ့စည်းထားတဲ့ UEC က ဖိတ်ခေါ်ချက်ကို ကျွန်တော်တို့ မတက်ရောက်ပါဘူး” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

အလားတူ UNA အဖွဲ့ဝင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ အပါအဝင် အဖွဲ့ဝင်ပါတီ အချို့လည်း တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ကော်မရှင်၏ ဖိတ်စာတွင် ပါတီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးဟုသာ ဖော်ပြထားပြီး မည်သည့်ကိစ္စရပ်များ ဆွေးနွေးရန် အစည်းအဝေးခေါ်ယူခြင်းကို ဖော်ပြထားခြင်း မရှိပေ။

Most Read

Most Recent