ဂီတအနုပညာရှင်များစုပေါင်းကာ လူထုလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်မှုများ ရက်အလိုက် ထပ်မံပြုလုပ်

ဂီတအနုပညာရှင်များစုပေါင်းကာ လူထုလှုပ်ရှားမှုတွင် ပါဝင်ဆန္ဒထုတ်ဖော်မှုများ ရက်အလိုက် ထပ်မံပြုလုပ်
Published 15 February 2021

မြန်မာနိုင်ငံအနှံ့ ပြုလုပ်လျက်ရှိသော လူထုလှုပ်ရှားမှုများတွင် နယ်ပယ်အသီးသီးမှ အနုပညာရှင်များလည်း ပါဝင်လျက်ရှိရာ ဂီတအနုပညာရှင်များစုပေါင်း၍လည်း ရက်အလိုက် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် မြေနီကုန်းဂုံးတံတားအောက်၌ ဂီတအနုပညာရှင်များစုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ တေးသံရှင် ဇော်ဝင်းထွဋ်၊ ဝေလ၊ ရင်ဂို၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ အောင်လ၊ ရေမွန်၊ R ဇာနည်၊ ဖြိုးကြီး၊ ကျားပေါက်၊ ရန်ရန်ချမ်း၊ တူးတူး၊ ကော်နီ၊ ပိုပို စသည့်တေးသံရှင်များက ရက်အလိုက် ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်နေခြင်း ဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာတွင် ဂီတပညာရှင်များက ဝန်ထမ်းများ Civil Disobedience Movement တွင် ပါဝင်ပေးကြရန်အပါအဝင် လိုလားချက်များကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် လူငယ်ဂီတပညာရှင်အချို့က ဂီတဖန်တီးမှုအချို့တင်ဆက်ခဲ့ကာ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းတွင်လည်း တေးသံရှင် R ဇာနည်၊ ရန်ရန်ချမ်း၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ ဖြိုးကြီးစသူတို့ ဦးဆောင်သည့် ဂီတပညာရှင်များစုပေါင်းကာ လူထုလှုပ်ရှားမှုတွင် ငြိမ်းချမ်းစွာပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ပါဝင်ရာတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်ရန်၊ ရွေးကောက်ခံခေါင်းဆောင်များအား အာဏာလွှဲပြောင်းပေးရန်၊ ဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များကို ပြန်လွှတ်ပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။ ဂီတပညာရှင်များနှင့်အတူ ပြည်သူများကလည်း ပူးပေါင်းကာဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ဂီတပညာရှင်များသည် ဆန္ဒဖော်ထုတ်မှုများအပြင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများအတွက် အချိုရည်ဘူးနှင့် ရေဘူးများဝေငှပေးခြင်းများကိုပါ လုပ်ဆောင်ပေးခဲ့ကြသည်။

ဂီတပညာရှင်များသည်မူလက သက်ဆိုင်ရာအစုအဖွဲ့လိုက် ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ဂီတပညာရှင်အများစု တစ်နေရာတည်းတွင် စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ဂီတပညာရှင်များသည် ဆန္ဒထုတ်ဖော်မှုများအပြင် CDM တွင် ပါဝင်လုပ်ဆောင်နေသူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်းများတွင်လည်း ပါဝင်ကူညီလှူဒါန်းပေးလျက်ရှိကာ ဆက်သွယ်အကူအညီ တောင်းခံနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ တေးသံရှင်အချို့စုပေါင်းကာ CDM တွင် ပါဝင်သည့်ဝန်ထမ်းများအား ဂုဏ်ပြုပန်းစည်းပေးအပ်သည့်အစီအစဉ်အချို့ကိုလည်း လုပ်ဆောင်ခဲ့ကြသည်။

Most Read

Most Recent