မေတ္တာတရား၏အကြောင်း

မေတ္တာတရား၏အကြောင်း
Published 13 February 2021

မေတ္တာတရားဟူသည် ကွဲပြားခြားနားသော ခံစားမှုအမျိုးမျိုး၊ စိတ်အခြေအနေ အဖုံဖုံနှင့် စိတ်သဘောထား အရပ်ရပ် ရောပြွမ်းနေသော အရာဖြစ်သည်။ “အမေ့ကို ချစ်တယ်” ဟူသော ပုဂ္ဂိုလ်နှစ်ဦးအကြား မေတ္တာတရားမှသည် “ဒီဟင်းကို ကြိုက်တယ်” ဟူသည့် ကျေနပ်မှုအရသာအထိ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြင်းထန်သော ဆွဲဆောင်မှုနှင့် ပတ်သက်သည့် စိတ်ခံစားမှုတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တို့အကြား သံယောဇဉ်တစ်ရပ်ကိုလည်း ရည်ညွှန်းနိုင်သည်။ လူသားတို့၏ မေတ္တာ၊ ကရုဏာနှင့် အကြင်နာတရားကိုလည်း ကိုယ်စားပြုသည်။ လူတစ်ဦးက အခြားတစ်ဦးအပေါ် တစ်ကိုယ်ကောင်းမဆန်သော၊ သစ္စာရှိသော၊ စေတနာထားသော သဘောထားကိုလည်း ဆိုလိုသည်။ အခြားလူသားများ သို့မဟုတ် မိမိကိုယ်တိုင် သို့မဟုတ် သတ္တဝါများအပေါ် ကရုဏာထားသော သို့မဟုတ် မေတ္တာထားသော လုပ်ဆောင်ချက်များကို ဖော်ပြရာ၌ မေတ္တာတရားဟူသည့် စကားလုံးကို သုံးစွဲကြသည်။

မေတ္တာတရားအကြောင်း ပြောဆိုကြသည့်အခါ မေတ္တာတရားကို ကိုယ်စားပြုသည့် ဗယ်လင်တိုင်းဒေး အကြောင်း ပြောရန်ဖြစ်လာသည်။ နှစ်စဉ် ဖေဖော်ဝါရီ ၁၄ ရက် ရောက်တိုင်း အမေရိကန်ပြည်ထောင်စုတစ်ဝန်းနှင့် ကမ္ဘာတစ်လွှားမှ အခြားနေရာများတွင် ချစ် သူခင်သူတို့၏အကြား ချောကလက်များ၊ ပန်းများနှင့် လက်ဆောင်များ ဖလှယ်ကြသည်။ ဗယ်လင်တိုင်းဒေးတွင် နှစ်စဉ် နှုတ်ခွန်းဆက်ကတ်ပြားများ ပေးပို့ဖလှယ်မှုပေါင်း သန်း ၁၅၀ ခန့် ရှိသည်ဟု ဆိုသည်။ ခရစ္စမတ်ပြီးလျှင် ဒုတိယမြောက် နှုတ်ခွန်းဆက်ကတ်များ ပေးပို့မှု အများဆုံးဖြစ်သည်။ ဗယ်လင်တိုင်းဒေးဟူသည် စိန့်ဗယ်လင်တိုင်းအမည်ရှိ  ခရစ် ယာန် အာဇာနည်ဘုန်းတော်ကြီး၏ အမည်ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။

ကက်သလစ် ခရစ်ယာန်အသင်းတော်က အသိအမှတ်ပြုထားသော ဗယ်လင်တိုင်း အမည်ရှိ ဘုန်းတော်ကြီးသုံးပါးထက်မနည်း ရှိသည်။ အားလုံးသည် အာဇာနည် ဘုန်းတော်ကြီးများ ဖြစ်ကြသည်။ ဒဏ္ဍာရီတစ်ခု၌ ဗယ်လင်တိုင်းသည် ၃ ရာစုအတွင်း ရောမ၌ ထမ်းဆောင်ခဲ့သော ဘုန်းတော်ကြီးဖြစ်သည်။ အင်ပါရာပြည့်ရှင် ကလောဒီးယက်စ်-၂ သည် ဇနီးများနှင့် မိသားစုများရှိသူတို့ထက် တစ်ကိုယ်ရေ တစ်ကာယသမားများက ပိုမို ကောင်းမွန်သော စစ်သားဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး လူငယ်များ အိမ်ထောင်ပြုခြင်းကို ဥပဒေအရ အပြစ်ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ ဘုရင်ကြီး၏ အမိန့်သည် တရားမျှတခြင်း မရှိဟု ဘုန်းတော်ကြီး ဗယ်လင်တိုင်းက သိမြင်ခဲ့ပြီး ကလောဒီးယက်စ်ကို အာခံကာ လူငယ်ချစ်သူများ  လက်ထပ်ခြင်းကို လျှို့ဝှက်စွာ ဆောင်ရွက်ပေးခဲ့သည်။ ကလောဒီးယက်စ် က ဗယ်လင်တိုင်း၏ လုပ်ရပ်များကို သိရှိသွားသည့်အခါ သူ့အား သေဒဏ်ပေးခဲ့သည်။

အခြားပုံပြင်များ၌ ဗယ်လင်တိုင်းသည် ရိုက်နှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ပြုလုပ်သော ရက်စက်ကြမ်းကြုတ်သည့် ရောမအကျဉ်းထောင်များထဲမှ ခရစ်ယာန်ဘာသာဝင်များ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့် အသတ်ခံရသည်ဟု ဖော်ပြကြသည်။ ဒဏ္ဍာရီပုံပြင်တစ်ခုက အကျဉ်းချခံထားရသော ဗယ်လင်တိုင်းသည် မိန်းကလေးငယ်တစ်ဦးနှင့် မေတ္တာမျှခဲ့ပြီးနောက် ဗယ်လင်တိုင်း နှုတ်ခွန်းဆက်လွှာကို သူကိုယ်တိုင် ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသည်။ အဆိုပါ မိန်းကလေးငယ်သည် ထောင်မှူး၏ သမီး ဖြစ်ပြီး  သူ၏ အခန်းသို့ လာရောက်တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ဗယ်လင်တိုင်းသည် အသတ်မခံရမီ အဆိုပါမိန်းကလေးငယ်ထံသို့ “သင်၏ ဗယ်လင်တိုင်းထံမှ” ဟု ရေးထိုးထားသော စာတစ်စောင်ကို ရေးသားခဲ့သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ရေးသားပုံမျိုးကို ယနေ့တိုင် အသုံးပြုဆဲဖြစ်သည်။

ဗယ်လင်တိုင်းဒဏ္ဍာရီပုံပြင်များ နောက်ကွယ်မှ အမှန်တရားအား ရေရေရာရာ သိရှိရန် မဖြစ်နိုင်သော်လည်း ဗယ်လင်တိုင်းသည် မေတ္တာတရားနှင့်ပတ်သက်၍ လူသားတို့အား တစ်စုံတစ်ရာကို သင်ကြားပေးခဲ့သည်မှာ အသေအချာပင်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

  ဖေဖော်ဝါရီ  ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent