အဲဗာတန်နှင့်ပွဲတွင် ကာဗာနီ ပါဝင်ကစားနိုင်မည်ဟု ဆိုးလ်ရှား အတည်ပြု

အဲဗာတန်နှင့်ပွဲတွင် ကာဗာနီ ပါဝင်ကစားနိုင်မည်ဟု ဆိုးလ်ရှား အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 6 February 2021

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူး ကာဗာနီအနေဖြင့် အဲဗာတန်အသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီသည် ဖေဖော်ဝါရီ (၂)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ (၉-၀) ဆောက်သမ်တန်ပွဲတွင် အသေးစားခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဒုတိယပိုင်းတွင် မာစီယဲလ်နှင့် လူစားလဲခဲ့ရသည်။

သို့သော် ကာဗာနီအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး ယနေ့(စနေနေ့)တွင် ကစားမည့် အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ဆိုးလ်ရှားက ဆိုခဲ့ခြင်းဖြစ်သည်။

ဆိုးလ်ရှားက "ဆောက်သမ်တန်နဲ့ပွဲမှာ ကာဗာနီအနေနဲ့ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု ဒဏ်ရာက ပြန်ကောင်းလာပါပြီ။ သူ့အနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝပါတယ်။ အဲရစ်(ဘာယီ)ကတော့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်ကစားဖို့ မသေချာပါဘူး။ သူကလွဲရင် အသင်းကစားသမားအားလုံးဟာ အဲဗာတန်နဲ့ပွဲအတွက် အသင့်ဖြစ်နေပါပြီ"ဟု ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ ကာဗာနီသည် မန်ယူအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၂)ပွဲတွင် (၇)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent