COVID-19 ကြောင့် မန်စီးတီးအသင်း (၂)ပတ်ကြာ အနားရခဲ့သည်ဟု ကလော့ပ်၏ ပြောဆိုမှုကို ဂွါဒီယိုလာ တုံ့ပြန်

COVID-19 ကြောင့် မန်စီးတီးအသင်း (၂)ပတ်ကြာ အနားရခဲ့သည်ဟု ကလော့ပ်၏ ပြောဆိုမှုကို ဂွါဒီယိုလာ တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 6 February 2021

မန်စီးတီးနည်းပြ ဂွါဒီယိုလာက COVID-19 ကြောင့် မန်စီးတီးအသင်း (၂)ပတ်ကြာ အနားရခဲ့သည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ်၏ ပြောဆိုမှုကို ကလော့ပ်အနေဖြင့် ပြက္ခဒိန်ပြန်ကြည့်ရန် လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။

လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၃)အဖြစ် ဖေဖော်ဝါရီ (၇)ရက် (တနင်္ဂနွေနေ့)တွင် လီဗာပူးလ်အသင်း၏ အိမ်ကွင်း အန်ဖီးလ်၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာတွင် အသင်းကစားသမား (၅)ဦးနှင့် အသင်းဝန်ထမ်း (၂)ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဒီဇင်ဘာ (၂၉)ရက်တွင် ယှဉ်ပြိုင်ရမည့် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် အဆိုပါဖြစ်ရပ်ကို ရည်ရွယ်ကာ မိမိတို့အသင်းမှာ မောပန်းနွမ်းနယ်နေပြီး မန်စီးတီးအသင်းကဲ့သို့ (၂)ပတ်ကြာ နားရက်မရခဲ့ကြောင်း ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်၏ ယင်းကဲ့သို့ ပြောဆိုမှုနှင့်ပတ်သက်ပြီး ဂွါဒီယိုလာက "ယာဂန်(ကလော့ပ်)အနေနဲ့ ပြက္ခဒိန်ကို ပြန်ကြည့်ဖို့ လိုနေပါပြီ။ ကျွန်တော်တို့ COVID ဖြစ်တော့ တစ်ပတ်ပဲ အနားရခဲ့တာပါ။ ပြီးတော့ ကစားသမား (၁၄)ယောက်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးအသင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော် မှားကောင်း မှားနိုင်ပါတယ်။ ဒါပေမဲ့ (၂)ပတ်အနားရခဲ့တယ်ဆိုတော့ မဟုတ်ပါဘူး။ တနင်္ဂနွေနေ့မှာ ယာဂန်(ကလော့ပ်)နဲ့တွေ့ရင် သူ့ကို ကျွန်တော်တို့ ဘယ်လောက် အနားရခဲ့သလဲဆိုပြီး မေးကြည့်ဦးမှာပါ။ သူ့ရဲ့ မှတ်ချက်အတွက် ကျွန်တော် အံ့သြမိပါတယ်။ သူဟာ ဒီလိုနည်းပြမျိုးလို့ ကျွန်တော် မထင်ထားပါဘူး။ သူ ဒီလိုပြောလိမ့်မယ်လို့လည်း ကျွန်တော် မထင်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲမှာ အရေးပါသည့်ပွဲစဉ်တစ်ပွဲဖြစ်ပြီး မိမိတို့အနေဖြင့် အနိုင်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent