၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် လွှတ်တော်ခေါ်၍ ကတိသစ္စာပြု လက်မှတ်ရေးထိုး

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂) တွင် လွှတ်တော်ခေါ်၍ ကတိသစ္စာပြု လက်မှတ်ရေးထိုး
Published 4 February 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထဲမှ နေရပ်မပြန်ဘဲ ကျန်ရှိနေသည့် လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးက နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) တွင် ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) တွင် လွှတ်တော်ခေါ်ယူ၍ ကတိသစ္စာပြုလွှာ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။



အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခု ကျွနု်ပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိုပြုပါသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 





"ကျွန်မတို့က ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပြီ။ အဲလိုရခဲ့တဲ့အခါမှာ စစ်အာဏာရှင်သိမ်းလိုက်တဲ့အခါမှာ လွှတ်တော်ပိတ်လိုက်တယ်။ အဲဒီမှာပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အစုအဝေးရှိတဲ့နေရာက လွှတ်တော်ခေါ်လိုု့ရတယ်။ ဒီမနက်မှာ ကျွန်မတို့လွှတ်တော်ခေါ်ပြီးတော့ ကတိပြုလွှာကို ပြည်သူလူထုရဲ့မဲတွေကို ကျွန်မတို့ပြန်ယူတာဖြစ်ပါတယ်။ အခုကျွန်မတို့က ကတိသစ္စာပြုတယ်။ ပြီးရင် ကျွန်မတို့က ပြည်သူလူထုပေးထားတဲ့ ငါးနှစ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရပ်တည်သွားမယ်။

 

နောက်ပြီးတော့ ဘယ်သူကပဲဖျက်ဖျက် ကျွန်မတို့ ဒီရလဒ်၊ ဒီအခြေအနေကို ဖျက်လို့မရဘူးလို့ ပြောချင်ပါတယ်" ဟု NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။



လက်ရှိတွင် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ကျန်ရှိနေသည့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးခန့်မှ ကတိပြု/ကျမ်းကျိန်လွှွာ ရေးထိုးခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပြန်သွားသည့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအား အွန်လိုင်းမှတစ်ဆင့် ကတိပြု/ကျမ်းကျန်လွှာတွင် လက်မှတ်ရေးထိုးသွားကြမည်ဖြစ်ကြောင်း သိရသည်။



အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား အပြစ်တင်ခြင်းနှင့် ဥပဒေအရတရားစွဲဆိုပါက ရွေးကောက်ပွဲကော်မရှင်ကသာ တရားဝင်ဆောင်ရွက်ခွင့်ရှိပြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုမှ မဲပေးရွေးထားခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ယခုကဲ့သို့ ကျမ်းကျိန်ရခြင်းဖြစ်ကြောင်း၊ လက်ရှိ ကတိပြု/ကျမ်းကျိန်ခြင်းအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဆင့်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ်များမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှလည်း ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း NLD ပါတီမှ အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းက ပြောကြားသည်။

 





လက်ရှိတွင် တပ်မတော်မှ အာဏာသိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ ဒေါ်ဖြူဖြူသင်းက" အခု စစ်အာဏာပြန်သိမ်းတယ်။ ကျွန်မတို့လုံးဝလက်မခံဘူး။ ဒီစနစ်က မတရားသဖြင့် ပြည်သူလူထုကို အနိုင့်ထက်စီးနင်း လက်နက်ကိုင်ခြိမ်းခြောက်ပြီး လုပ်တဲ့စနစ်ဖြစ်တယ်။ နောက်ပြီးတော့ ကျွန်မတို့ဆီမှာ သမ္မတရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရှိတယ်။ မဟုတ်တရုတ်ပုဒ်မတွေတပ်ပြီးတော့ လုပ်ချင်သလိုလုပ်ပြီး စွပ်စွဲထားတာ ကျွန်မတို့လုုံးဝလက်မခံဘူး။ ကျွန်မတို့အနေနဲ့ကတော့ စစ်အာဏာရှင်စနစ်ကို မြန်မာ့ပြည်ပေါ်ကနေ ပျောက်သွားအောင်ကြိုးစားမယ်။ လွှွှတ်တော်ကိုယ်စားလှယ်အားလုံးကနေပြီးတော့ ပြည်သူလူထုနဲ့တစ်သားတည်း ရပ်တည်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ပျက်သုဉ်းသွားတဲ့အထိ ကြိုးစားသွားမှာဖြစ်ပါတယ်" ဟု ပြောသည်။



တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်သည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂) အား ဖေဖော်ဝါရီ ၁ ရက် နံနက် ၄ နာရီအချိန်ခန့်က တပ်မတော်မှ လုံခြုံရေးယူကာ လူ အဝင်/အထွက်များ ပိတ်ထားခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပိတ်သိမ်းခဲ့သည်။



ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်ရာအာဏာပိုင်းများက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ညနေပိုင်းမှစတင်ကာ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့သော်လည်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ဖေဖော်ဝါရီ ၆ ရက်အထိ နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်း ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၃ ရက်မှစတင်ကာ ၂၄ နာရီအတွင်း စည်ပင်ဧည့်ရိပ်သာမှ ပြန်လည်ထွက်ခွာကြရန် အာဏာပိုင်းများက သတိပေးပြောဆိုထားကြောင်း သိရသည်။

 

Most Read

Most Recent