တိုင်းနှင့် ပြည်နယ်အချို့ရှိ NLD ပါတီရုံးများကို စီးနင်းဝင်ရောက်မှုအပါအဝင် တရားမဲ့ပြုကျင့်မှုများ ရှိနေခြင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးတားမြစ်ပေးရန် NLD ပါတီ ထုတ်ပြန်

တိုင်းနှင့် ပြည်နယ်အချို့ရှိ NLD ပါတီရုံးများကို စီးနင်းဝင်ရောက်မှုအပါအဝင် တရားမဲ့ပြုကျင့်မှုများ ရှိနေခြင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးတားမြစ်ပေးရန် NLD ပါတီ ထုတ်ပြန်
Published 3 February 2021
ဉာဏ်လင်းထွန်း

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာရယူပြီးနောက် ဖေဖော်ဝါရီ ၂ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ NLD ပါတီရုံးများအား စီးနင်းဝင်ရောက်ခြင်း အပါအဝင် တရားမဲ့ ပြုလုပ်မှုများရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးအချို့ရှိ တိုင်းနှင့် ပြည်နယ်ရုံးများအား စီးနင်းခြင်း၊ စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ ကွန်ပျူတာ၊ လက်ပ်တော့များကို သိမ်းဆည်းခြင်းတို့ ရှိခဲ့ပြီး အချို့မြို့နယ် (ဥပမာ မိတ္ထီလာမြို့) တွင် ရုံးသော့များကို ရိုက်ဖျက်ဝင်ရောက်ခြင်းများ ရှိခဲ့ကြောင်း NLD ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်များသည် ဒေသဆိုင်ရာတပ်မှူးကြီး၊ တပ်မှူးငယ်များ၏ ညွှန်ကြားချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယူဆပြီး အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထိုဖြစ်ရပ်မျိုးမရှိကြောင်း ဖော်ပြသည်။

ထိုသို့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား တရားမဲ့ပြုကျင့်မှုများကို လေးနက်စွာကန့်ကွက်ပြီး ဤသို့ တရားမဲ့ပြုကျင့်မှုများကို သက်ဆိုင်ရာတာဝန်ယူထားသူများက အမြန်ဆုံးတားမြစ်ပေးကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မန္တလေးတိုင်းရုံး၊ မကွေးတိုင်းရုံးနှင့် အချို့သောမြို့နယ်ရုံးများ ချိတ်ပိတ်ခံရမှုနှင့်ပတ်သက်၍ ကန့်ကွက်ရန်စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက ၎င်း၏ Facebook စာမျက်နှာတွင် ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်မှတ်ပုံတင်ခဲ့သည့် ပါတီတစ်ရပ် ဖြစ်ရုံသာမက ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုကိုရရှိခဲ့သည့် ပါတီလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထိန်းသိမ်းခဲ့ကြောင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

ယခုထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်သည် တပ်မတော်က နိုင်ငံတော်အာဏာများရယူပြီးနောက် ဒုတိယအကြိမ်မြောက် ထုတ်ပြန်သည့် ကြေညာချက်ဖြစ်သည်။

Most Read

Most Recent