တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ၍ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Published 3 February 2021
ပြည့်ဖြိုးအောင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖေဖော်ဝါရီ ၃  ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ ငုရွှေဝါခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသူများ အားလုံးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ရောင်းဝယ်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ကိုယ်စားပြုသူများ ဖြစ်ကြောင်း၊ ယခုအချိန်တွင် မိမိတို့အနေဖြင့် တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကြောင့် ယာယီတာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စနစ်တကျဖြစ်စေရေးအတွက် ထိန်းသိမ်းဆောင်ရွက်မည်ဟု ကြေညာထားခြင်း ဖြစ်ကြောင်း၊ ယခုအရေးပေါ်ကာလအတွင်း ပုံမှန်လုပ်ဆောင်နေသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကန့်သတ်ပိတ်ပင်ထားမှုမရှိကြောင်း၊  ယခုအချိန်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါကူးစက်မှု ၁၀၄ သန်းကျော်၊ မိမိတို့နိုင်ငံတွင် ကူးစက်မှု ၁၄၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း၊ မိမိတို့ မသိနိုင်သည့် ကူးစက်နေမှုများလည်း ရှိနိုင်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါကူးစက်မှုအပေါ် ပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်မှုများကို ဆောင်ရွက်ရာတွင် COVID-19 ရောဂါပြန့်ပွားမှုအားထိန်းချုပ်နိုင်ရေးအတွက် အရှိန်ပြင်းပြင်းနှင့် ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ဆောင်ရွက်ချိန်တွင်လည်း စီးပွားရေး လုပ်ငန်းများကိုလည်း ပုံမှန်လုပ်ငန်းများကို မထိခိုက်ရန်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်လည်း တပ်မတော်မှ များစွာပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် အခြေအနေအမျိုးမျိုးကို ကြံ့ကြံ့ခံပြီး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ခြင်း မရှိဘဲ၊ ပုံမှန်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်နေသည့် လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာကျင့်ဝတ်များနှင့် ပတ်သက်ပြီးလည်း ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ်ကာ ရလဒ်အပေါ်မူတည်၍ တာဝန်ရှိသူများကို ရွေးကောက်ပွဲဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲထပ်မံကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံတော် အရေးပေါ်အခြေအနေ ပြီးဆုံးပါက ၆ လ တာဝန်ယူပြီးရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဆောင်ရွက်ပြီး အစိုးရကို အာဏာ ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်သည်ဟု ပါရှိကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဖွဲ့စည်းပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုအချိန်တွင် လုပ်ငန်းများရပ်နားထားသဖြင့် အလုပ်လုပ်သူ အခြေခံလူတန်းစားများ ဝင်ငွေမရှိတော့ဘဲ စားသောက်ရေးတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး လူမှုစီးပွားဘဝများ ထိခိုက်လာကြောင်း၊ လုပ်ငန်းများရပ်တန့်သွားခြင်းကြောင့် လုပ်ငန်းရှင်များမှ ထုတ်ကုန်ပစ္စည်းများမရှိတော့ဘဲ ရောင်းကုန်ပစ္စည်းများ မရှိတော့ကြောင်း၊ ထို့ကြောင့်လုပ်ငန်းရှင်များတွင် လုပ်ငန်းလည်ပတ်ရန်အတွက် ပိုက်ဆံမရှိတော့ဘဲ လုပ်ငန်း ဆက်လက်လည်ပတ်ရန် အခက်အခဲများဖြစ်ပေါ်လာကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှာနိုင်ရန်အတွက် လုပ်ငန်းများအား စည်းကမ်းတကျ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက စည်းစနစ်တကျကြပ်မတ်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများကို ပုံမှန်ပြန်လည်လုပ်ဆောင်နိုင်မှသာ အလုပ်သမား၊ အလုပ်ရှင်များဝင်ငွေရပြီး နိုင်ငံခြားဝင်ငွေများ ပြန်လည်တိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ယခုတွေ့ဆုံသူများသည် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုသူများဖြစ်ကြောင်း၊ တိုင်းပြည်၏စီးပွားရေးနှင့်ပတ်သက်ပြီး လူအများမှ ပါဝင်ဆောင်ရွက်နိုင်သည့်၊ လူအများ၏ စားဝတ်နေရေးကို အထောက်အကူ ပြုနိုင်သည့် လုပ်ငန်းများကိုပိုမိုဦးစားပေး ဆောင်ရွက်စေချင်ကြောင်း၊ ဖြစ်နိုင်သည့် နည်းလမ်းများကို တင်ပြစေချင်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ ရထားလမ်း၊ ကားလမ်းနှင့် လေကြောင်းသွားလာမှုများအား စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း၊ ခရီးသွားလာစဉ်ကာလတွင် COVID-19  စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ လူအများကို ထိခိုက်စေနိုင်သူများအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်စည်းကမ်း မလိုက်နာမှုကြောင့် အခြားသူများအား အနှောင့်အယှက်မဖြစ်ရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် အခြေခံပစ္စည်းများအား တတ်နိုင်သမျှ ဈေးနှုန်း အသက်သာဆုံးဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက နိုင်ငံတော်မှ အခမဲ့ပေးဝေနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဆိုင်ရာ စေတီ၊ ပုထိုးများနှင့် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများကိုလည်း ဘာသာရေးအခမ်းအနားများပြုလုပ်ခြင်းမှအပ COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထို့အတူ စက်ရုံအလုပ်ရုံများကို ပြန်လည်ဖွင့်လှစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်စေချင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent