မိမိတို့အနေဖြင့် အကြိမ်ကြိမ်မေတ္တာရပ်ခံ ဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မိမိတို့အနေဖြင့် အကြိမ်ကြိမ်မေတ္တာရပ်ခံ ဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 2 February 2021
ကြည်နိုင်

မိမိတို့အနေဖြင့် အကြိမ်ကြိမ်မေတ္တာရပ်ခံ ဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင်  အမှာစကား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိအနေဖြင့် ဥပဒေနှင့်အညီ ဖြစ်အောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ဖြစ်အောင် ကြိုတင်စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေနှင့် အကြိမ်ကြိမ် မေတ္တာရပ်ခံ ဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ နောင်ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ်လာမည့်အစိုးရ တာဝန်မယူမီ မိမိတို့အနေဖြင့် တိုင်းပြည်ကို တည့်မတ်ထိန်းသိမ်းပေးရန် လိုကြောင်း ” ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြေအနေအမျိုးမျိုးကြောင့် ယိမ်းယိုင်နေသည့် အခြေအနေများကိုလည်း ကူညီတည့်မတ်ပေးရန် လိုကြောင်း၊ တိုင်းပြည်ကို တည်ငြိမ်အောင် ဆောင်ရွက်ရာတွင် ဥပဒေအရ ဆောင်ရွက်ရမည်များ ရှိကြောင်း၊ အရေးပေါ်ကာလ တစ်နှစ် သတ်မှတ်ထားချိန်တွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်နှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုကြောင်း၊ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မဲစာရင်း မှားယွင်းမှုများကို ဖော်ထုတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းပြီး ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မဲစာရင်းများအား ဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ မှန်မှန်ကန်ကန် ရှိစေရန်အတွက်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေးသန်း ခေါင်စာရင်းများအပေါ် မူတည်၍ စာရင်းများ မှန်မှန်ကန်ကန် ဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ မှတ်ပုံတင် မရရှိသေးသည့် နိုင်ငံသားများအား အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင် မရရှိသေးသည့် တိုင်းရင်းသားများ ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း သမာသမတ်ရှိစွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအား အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များသည် ပြင်ဆင်ချက် မထုတ်ပြန်မီအချိန်အထိ အတည်ပင် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း စည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်ပမှ မှာယူထားသည့် ကာကွယ်ဆေးများ ရောက်ရှိရေးအတွက်လည်း လိုအပ်သည့် လေယာဉ်ဖြတ်သန်းခွင့် ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရန်အတွက် လိုအပ်သည့် သန်းခေါင်စာရင်းများ မှန်ကန်အောင် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဘုရား၊ စေတီပုထိုးများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ COVID-19 စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည် ခေါ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် COVID-19 စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် ကိစ္စရပ်များအား မှာကြားခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent