စျေးကွက်အတွင်း ဝယ်လိုအားများပြားနေသဖြင့် အသား၊ ငါးစျေး မြင့်တက်

စျေးကွက်အတွင်း ဝယ်လိုအားများပြားနေသဖြင့် အသား၊ ငါးစျေး မြင့်တက်
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စျေးတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-သိင်္ဂံဝင်းထွန်း)
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ စျေးတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-သိင်္ဂံဝင်းထွန်း)
Published 2 February 2021
သိင်္ဂီဝင်းထွန်း

စျေးကွက်အတွင်း ဝယ်လိုအားများပြားနေသဖြင့် အသား၊ ငါးစျေး မြင့်တက်လာကြောင်း ရန်ကုန်မြို့ရှိ စျေးများအတွင်းမှ စုံစမ်းသိရှိရသည်။

“ မနေ့ကမှ စျေးတွေစတက်တာ။ မနေ့ကနဲ့ ဒီနေ့နှစ်ရက်ပေါ့။ အစ်မတို့က ငါး၊ ကြက်သားရောင်းတယ်။ ငါးကြင်းတစ်ပိဿာဆိုရင် ၃၀၀၀ လောက် ကွာသွားတယ်။ အရင်ကဆိုရင် ၆၅၀၀၊ အများဆုံးက ရဝဝဝပဲ။  ဒီနေ့ဆို ၁၀၀၀၀ ဝယ်ရတယ်။ ပုစွန်ဆိုလို့့ရှှိရင်လည်း တက်တယ်။ အရင်က ၁၀၀၀၀ တန်က အခု ၁၃၀၀၀ လောက် ဖြစ်တယ်။ ၁၅ဝဝဝတန်က ၁၈၀၀၀ ဖြစ်တယ်။ ကြက်တွေဆိုရင် အရင် ၂၀၀၀ ကျော်က ၄၀၀၀ ဖြစ်တယ်။ မနေ့ကဆို ၃၅၀၀” ဟု အသား၊ ငါးများရောင်းချသူ ဒေါ်နွယ်က ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ရပ်ကွက်အတွင်းရှိ ဆိုင်များ အကုန်နီးပါး ပိတ်သိမ်းထားကြောင်းနှင့် ဆန်ဆီများလည်း ဝယ်မရနိုင်ဖြစ်ခဲ့သည့်အတွက် စိုးရိမ်ပူပန်ခဲ့ရသည်ဟု မဝင်းနွယ်အေးက ဆိုသည်။

“မနေ့ကဆိုရင် ဆန်တွေဆီတွေလည်း ဝယ်မရ၊ ကုန်ခြောက်တွေလည်း ဝယ်မရဘူး။ ရပ်ကွက်ထဲမှာလည်း ဆိုင်တွေအကုန်ပိတ်။ စိတ်တွေလည်းပူရပါတယ်” ဟု မဝင်းနွယ်အေးက ဆိုသည်။

ယင်းကဲ့သို့ ဝယ်လိုအားများသဖြင့် စျေးနှုန်းမြင့်တက်လာခြင်း ဖြစ်သော်လည်း စျေးနှုန်းကြီးမြင့်လာမှုများက စားသုံးသူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သဖြင့် သက်သာသည့် စျေးနှုန်းများဖြင့်သာ ရောင်းချလိုကြောင်းလည်း  အသားငါးများရောင်းချသည့် ဒေါ်နွယ်က ဆိုသည်။

“အရောင်းကတော့ စျေးတက်ရင် လူက အဝယ်နည်းတာပေါ့။ မစားမဖြစ်တော့ ဝယ်ကြတာရှိပေမယ့် နည်းတော့နည်းတာပေါ့။ မကြီးတို့ကတော့ စျေးသက်သက်သာသာပဲ ဖြစ်စေချင်တာပေါ့။ စျေးသက်သာရင် မကြီးတို့လဲ ရောင်းရတယ်လေ။ စျေးတက်တဲ့ အခါကျတော့ ကိုယ်တွေလဲ ရောင်းရတာ အဆင်မပြေဘူး။ သူ့ထက်ငါ အသည်းအသန် အလုအယက်တွေဝယ်နေကျတော့ ရောင်းရတာလည်း အဆင်မပြေဘူး။ ဝယ်စားတဲ့သူကျတော့လည်း စျေးတနင့်တပိုးကျ မစားနိုင်ကြဘူးလေ” ဟု ဒေါ်နွယ်က ဆက်လက်ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဦးထိုက်ထမင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း ဝက်သား၊ ကြက်သားစျေးများမှာ ပုံမှန်ထက် စျေးအနည်းငယ်ခုန်တက်သွားကြောင်း ပြောကြားသည်။

“ကြက်သွန်ကတော့ စျေးမတက်ဘူး။ ဆီက မဝယ်ရသေးတော့ မသိဘူး။ ဝက်သား နည်းနည်းစျေးတက်တယ်။ ကျန်တာတွေက မတက်ဘူး။ ကြက်သားလည်း စျေးနည်းနည်းတက်တယ်။ ဆီနဲ့ဆန်ကတော့ မဝယ်ရသေးတော့ မသိဘူး” ဟု ဦးထိုက်ထမင်းဆိုင်မှ ဦးသိန်းထိုက်က ပြောကြားသည်။

စျေးနှုန်းများ ထပ်မံမြင့်တက်လာပါက အခြေခံလူတန်းစားအများစုမှာ အခက်အခဲ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ ကိုယ်ကတော့ စျေးတင်ရောင်းလို့ မရဘူး။ နည်းနည်းတော့ထိန်းရတာပေါ့။ ဒီထက်ပိုတက်လာရင်တော့ မပြောတတ်ဘူး။ စျေးမတက်ပါစေနဲ့ပဲ ဆုတောင်းရမယ်။ စျေးတွေထပ်တက်ရင် စားတဲ့သူတွေလည်း အခက်အခဲဖြစ်မယ်။ စားတဲ့သူတွေက ဝန်ထမ်းလည်း နည်းနည်းများတယ်” ဟု ဦးသိန်းထိုက်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent