ပြည်တွင်းစားဆန်အတွက် ကြိတ်ခွဲပြီးသားများ အဆင်သင့်ရှိပြီး နယ်ကုန်သည်များနှင့် အဆက်အသွယ် ရရှိလာပြီဖြစ်သဖြင့် မကြာမီရက်ပိုင်းအတွင်း ဆန်များ ပုံမှန်ပြန်လည်ဝင်ရောက်မည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရ

ပြည်တွင်းစားဆန်အတွက် ကြိတ်ခွဲပြီးသားများ အဆင်သင့်ရှိပြီး နယ်ကုန်သည်များနှင့် အဆက်အသွယ် ရရှိလာပြီဖြစ်သဖြင့် မကြာမီရက်ပိုင်းအတွင်း ဆန်များ ပုံမှန်ပြန်လည်ဝင်ရောက်မည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရ
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ကုန်စည်ဒိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 2 February 2021
ဇေယျာငြိမ်း

ပြည်တွင်းစားသုံးရန် ဆန်အတွက် ကြိတ်ခွဲထားပြီးသားဆန်များ အဆင်သင့်ရှိပြီး လက်ရှိတွင် နယ်ကုန်သည်များနှင့် အဆက်အသွယ်ရရှိလာပြီဖြစ်သဖြင့် မကြာမီရက်ပိုင်းအတွင်း ဆန်များ ပုံမှန်ပြန်လည် ဝင်ရောက်လာမည်ဖြစ်ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ ဖေဖော်ဝါရီ ၂ ရက်က သိရသည်။

“ ပြည်တွင်းမှာ ဆန်တွေကရှိတယ်။ နယ်ကုန်သည်တွေနဲ့ မနေ့ကအခက်အခဲဖြစ်တော့ ချိတ်လို့မရတော့ ဒီနေ့ရောက်မလာဘူးပေါ့နော်။ ဒီနေ့ဖုန်းတွေ ပြန်ရသွားပြီဆိုတော့ နောက်ရက်တွေဆိုရင် ပြန်ဝင်လာမှာပေါ့။ ပြည်တွင်းစားဆန်ကတော့ ပုံမှန်ကြိတ်ပြီးသားတွေ ရှိတယ်။ သူ့ဖောက်သည်နဲ့ သူမှာလိုက်ရုံပဲ” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးသန်းဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ရောက်ရှိပြီး ဆန်များမှာ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်တွင်းဝယ်လိုအား မြင့်တက်မှုကြောင့် ကုန်လုနီးပါးအထိ ရောင်းချခဲ့ရပြီး စျေးနှုန်းများလည်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ လက်ရှိတွင် နယ်ကုန်သည်များဖြင့် ပြန်လည်ချိန်ဆက်ပြီး ဆန်များ မှာယူထားကြောင်း သိရသည်။

“ ပြည်တွင်းစားဆန်ကတော့ ဒီဘက်ကို ရောက်ပြီးသားသူတွေက အကုန်ရောင်းကောင်းသွားတယ်။ မနေ့ကတစ်ရက်တည်းကို ဂိုဒေါင်ထဲမှာရှိတဲ့ ဆန်အိတ်တွေပြတ်ပြီးတော့ ဝယ်ယူတဲ့သူတွေက တန်းစီပြီး ဝယ်ယူရတဲ့သဘောမျိုးအထိ ရှိတယ်။ တချို့လက်လီနဲ့ လက်ကားရောင်းတဲ့သူတွေဆိုရင် ဆန်အိတ်ရေ ခြောက်ထောင်လောက်ကို ရောင်းရတဲ့ဆိုင်တွေရှိတယ်။ လက်လီအိတ်ဆွဲကိုမှ အိတ်ငါးဆယ်တို့ တစ်ဆယ်တို့ နှစ်ဆယ်တို့ ပြန်ရောင်းတဲ့သူတွေ မနေ့က အိတ်လေးငါးခြောက်ထောင်လောက် ရောင်းရတဲ့အထိ ဝယ်လိုအားကောင်းတယ်။ အဲဒါက လက်ထဲမှာ ရှိသမျှအကုန်ရောင်းပေးလိုက်တော့ ကုန်သွားပြီ။ နောက်ထပ် ထပ်ယူဖို့ကျတော့လည်း နယ်သမားတွေဆီ ပြန်ချိန်ပြီး ပြန်မှာရတယ်။ နယ်သမားကလည်း လက်လီသမားက တစ်အိတ် ကျပ် ၁၀၀၀၊ ၂၀၀၀ လောက် တိုးတောင်းလို့ရမယ်ဆိုရင် ဒီမှာလည်းပိုပေးရင် နယ်သမားကလည်း ပြန်ပေးမှာပေါ့နော် ပြည်တွင်းစားဆန်ရောင်းတဲ့သူတွေက ရောင်းကောင်းတယ်။ ထပ်ဝယ်တယ်။ စျေးကောင်းသွားတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိပြည်တွင်းစျေးကွက်၌ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၃၀၀၀၀ ဝန်းကျင်၊ ဆန်ကြမ်းအကောင်းစား တစ်အိတ်လျှင် ကျပ် ၃၅ဝဝဝခန့်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၅၀၀၀ မှ ၆၀၀၀၀ ကြားခန့်၊ ဖျာပုံနှင့် ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ နှင့် ၅၀၀၀၀ ကြား၊ ပေါ်ဆန်းအသစ် တစ်အိတ်လျှင် ကျပ် ၃၈၀၀၀ မှ ၄၀၀၀၀ ခန့် ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ ပြည်တွင်းဆန်အကြမ်းတွေကတော့ ကျပ် ၃၀၀၀၀ ပတ်လည်မှာရှိတယ်။ အကြမ်း အရမ်းကောင်းတာကတော့ ကျပ် ၃၅၀၀၀ လောက်ရှိတယ်။ အချော ရွှေဘိုကတော့ ကျပ် ၅၅၀၀၀ နဲ့ ၆၀၀၀၀ လောက်မှာရှိတယ်။ မြစ်ဝကျွန်းပေါ်ကထွက်တဲ့ မြောင်းမြတို့ ဖျာပုံပေါ်ဆန်းမွှေးတွေကတော့ ကျပ် ၄၀၀၀၀ နဲ့ ၅၀၀၀၀ ကြားရှိတယ်။ အသစ်တွေကတော့ နည်းနည်းပေါတယ်။ ကျပ် ၃၈၀၀၀၊ ၄၀၀၀၀ လောက်ရှိတယ်” ဟု ဦးသန်းဦးက ဆက်လက်ပြောကြားသည်။