လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်

လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်
Published 2 February 2021
ပြည့်ဖြိုးအောင်

လက်ရှိအခြေအနေများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဗဟိုအလုပ်မှုဆောင်အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) တွင် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌန်းချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နိုင်ငံသားများက တခဲနက်မဲပေးရွေးချယ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြု ထုတ်ပြန်ထားသော ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက် အစည်းအဝေးကျင်းပချိန် မတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်း ဖြစ်သည့်အပြင် အချုပ်အခြာအာဏာ၏မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရေး ၊ COVID - 19 ကပ်ရောဂါကိုကျော်လွှားနိုင်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေး ပိုမိုခိုင်မာရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် ကြီးစွာအဟန့် အတားဖြစ်စေကြောင်း၊နိုင်ငံတော် နှင့် တပ်မတော်၏သမိုင်းကိုလည်း ညစ်နွမ်းစေသည့် ဆောင်ရွက်မှု ဖြစ်သည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။

ထို့ပြင် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ အတည်ပြုပြီးသော ရလာဒ်ကို အသိအမှတ်ပြုရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ပြည်သူတို့၏ နှလုံး စိတ်ဝမ်း အေးချမ်းရေးတို့အပါအဝင် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရေးတို့အတွက် အလေးအနက်ပြု၍ တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

Most Read

Most Recent