စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများကို တပ်မတော်က ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ယနေ့ညနေပိုင်းတွင် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး သုံးဦးကို နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြန်လာလွတ်မြောက်လာသည့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦးမှာ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးကမ်ဇာမုံ၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းတို့ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်ရယ် ဦးသန်းညွှန့်ဝင်းရယ် ဦးကမ်ဇာမုံရယ် ဒီဝန်ကြီးသုံးယောက်ကတော့ နေအိမ်ကို ပြန်ရောက်လာပါပြီ။ ကျန်တဲ့ဝန်ကြီးတွေကိုလည်း တစ်သုတ်ပြီးတစ်သုတ် ပြန်လွှတ်ပေးမယ် ပြောတယ်။ ကျနော်တို့ကို အနောက်ပိုင်းစစ်ဌာနချုပ်ထဲ ခေါ်သွားတာ။ တပ်ထဲရောက်တော့ ကျနော်တို့ကို စစ်ဆေးတာတွေ မရှိပါဘူး။ တပ်ထဲကိုရောက်တော့ ကျွန်တော်တို့ရဲ့ ဖုန်းတွေ သိမ်းထားတာလောက်ပဲရှိတယ်" ဟု ပြန်လည်လွတ်မြောက်လာသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက ပြောကြားသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ခေါ်တွေ့ကာ လက်ရှိအခြေအနေအား တပ်မတော်က ထိန်းသိမ်းထားကြောင်းနှင့် တပ်မတော်က တောင်းဆိုသည့် မဲစာရင်းကိစ္စ စသည့်များအား ပြောကြားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
" တပ်ထဲရောက်ရောက်ခြင်း ကျွန်တော်တို့ကို တိုင်းမှူးက ခေါ်တယ်။ လက်ရှိအခြေအနေကို တပ်မတော်က ထိန်းသိမ်းလိုက်တယ်။ TV ထဲမှာလည်း အကုန်လုံးလွှင့်ထားတယ်တဲ့။ အိမ်ပြန်ပို့ပေးပါ့မယ်တဲ့။ စိတ်ထဲမှာ ဘာမှမထားပါနဲ့တဲ့။ တပ်မတော်က တောင်းဆိုတဲ့မဲစာရင်းကိစ္စနဲ့ ပက်သက်လို့ အာဏာသိမ်းလိုက်တာတဲ့။ အိမ်မှာနေဖို့ပြောတယ်။ အပြင်မထွက်ဖို့ပြောတယ်" ဟု ဦးလာလ်ထောင်ထန်းက ပြောကြားသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းအား ၄င်းအနေဖြင့် တပ်ထဲတွင် မတွေ့ရှိခဲ့ကြောင်း သိရသည်။