ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်စည်ပင်သာယာဧရိယာပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ဇုန်ဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်စည်ပင်သာယာဧရိယာပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ဇုန်ဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 31 January 2021
နီလာ

ရန်ကုန်မြို့ရှိ စက်မှုဇုန် ၂၉ ဇုန်ကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်စည်ပင်သာယာ ဧရိယာပြင်ပရှိ မြို့နယ် ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ဇုန်ဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ပြောကြားသည်။

“ရန်ကုန်မှာ အထူးစီးပွားရေးဇုန်က သီလဝါမှာရှိပါတယ်။ ရန်ကုန်ရဲ့ စီးပွားရေးဝန်းကျင်က အဓိက,က စက်မှုဇုန်တွေကိုကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံး၏ စက်မှုဇုန်တွေရဲ့  ၆၅ ရာခိုင်နှုန်းက ရန်ကုန်မှာရှိပါတယ်။ လက်ရှိမှာ ၂၉ ဇုန်ရှိပါတယ်။ ဒီ ၂၉ ဇုန်ကိုလည်း အဆင့်မြှင့်တင်ဖို့ တိုင်းဒေသကြီးအစိုးရက  ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်စည်ပင်ဧရိယာပြင်ပတွင် ၁၁ ဇုန်၊ မြို့နယ် ၁၁ မြို့နယ်တွင် ၁၁ ဇုန်ဖော်ထုတ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီအထဲမှာ လှည်းကူးမှာရှိတဲ့ စင်ကာပူ-မြန်မာ Industrial Park ဆိုရင် သူတို့ရဲ့ ရည်မှန်းချက်က စိုက်ပျိုးရေးမွေးမြူရေးနဲ့ပတ်သက်ပြီး Value Added ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ဦးတည်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဦးမျိုးခိုင်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ ၂၀၁၆-၂၀၁၇ မှာ ရန်ကုန်မှာ ဒေါ်လာငါးဘီလျံရှိခဲ့ပြီး ၂၀၁၇- ၂၀၁၈ မှာ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြန်ပြီးတိုးလာတာ တွေ့ရမှာဖြစ်ပါတယ်။ ကဏ္ဍအလိုက် ပြန်ကြည့်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နည်းနေပါသေးတယ်။ မွေးမြူရေးနဲ့ ငါးလုပ်ငန်းမှာလည်း နည်းနေတာတွေ့ရမှာ ဖြစ်ပါတယ်။ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှုတွေနည်းနေတာက အများကြီးလုပ်လို့ရသေးတယ်ဆိုတဲ့ အခွင့်အလမ်းရှိနေတယ်လို့ တွက်ဆလို့ရပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့၏ စက်မှုကဏ္ဍ၌ ဒေါ်လာ ၇ ဒသမ ၈ သန်းကျော်နှင့် ကျပ်သန်း ၂၉၀၀ ကျော်ရှိသည့် ဂျပန်နှင့်တရုတ်နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) က အတည်ပြုပေးလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ပဲအမျိုးမျိုးနှင့် နှမ်းသန့်စင်ကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငံပြာရည်ထုတ်လုပ်၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၇ ဒသမ ၈၀၃ သန်းနှင့် ကျပ် ၂၉၂၉ ဒသမ ၆၀၀ သန်းဖြစ်ပြီး စုစုပေါင်းလုပ်ငန်း လေးခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၇၆၂ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရသက်တမ်း လေးနှစ်ရှစ်လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၁၀၂၂၀ ဘီလျံကျော်ရှိပြီး အိမ်ခြံမြေ ဖွံ့ဖြိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent