NCA ပါသဘောတူညီချက်များအတိုင်း တွေ့ဆုံမှုများမှတစ်ဆင့် နိုင်ငံရေးပြဿနာများကို လွတ်လပ်မှုနှင့်တန်းတူမှု အခြေခံမူအပေါ်တွင် အဖြေရှာပြီး ငြိမ်းချမ်း ရေးအတွက် ကြိုးစားတည်ဆောက်ရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအား KNU တိုက်တွန်း

NCA ပါသဘောတူညီချက်များအတိုင်း တွေ့ဆုံမှုများမှတစ်ဆင့် နိုင်ငံရေးပြဿနာများကို လွတ်လပ်မှုနှင့်တန်းတူမှု အခြေခံမူအပေါ်တွင် အဖြေရှာပြီး ငြိမ်းချမ်း ရေးအတွက် ကြိုးစားတည်ဆောက်ရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအား KNU တိုက်တွန်း
Published 31 January 2021
မင်းနိုင်စိုး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ လွတ်လပ်မှုနှင့် တန်းတူရည်တူမှု အခြေခံမူအပေါ်တွင် အဖြေရှာကြပြီး စိတ်ရင်းစေတနာအပြည့်ဖြင့် ပြည်ထောင်စုကြီးကို မတူကွဲပြားလျက်ရှိသော တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအပြင် ငြိမ်းချမ်းရေးအတွက် ကြိုးစားတည်ဆောက်သွားရန် အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်တွန်းသည်။

၂၀၂၁ ခုနှစ် ဇန်ဝါရီ ၃၁ ရက်တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့သို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပေးပို့သော သဝဏ်လွှာတွင် ထိုသို့တိုက်တွန်းထားခြင်းဖြစ်သည်။

ထို့အတူ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများကလည်း ပြည်ထောင်စုကြီး၏ နိုင်ငံရေးပဋိပက္ခများအား ဖြေရှင်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ အခန်းကဏ္ဍများတွင် ပြည်ထောင်စုကြီး၏ အခြေအနေနှင့် ကိုက်ညီသောပံ့ပိုးမှု၊ ကူညီမှုများဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့် ပါဝင်ကူညီကြရန်လည်း KNU က တိုက်တွန်းသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးသည် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးအားလုံးအပြင် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသောကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် အရေးကြီးကြောင်းလည်း KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ပါရှိသည်။

ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ပတ်သက်နေကြသော ခေါင်းဆောင်များအနေဖြင့် စိတ်ရှည်သည်းခံခြင်း၊ အမြော်အမြင်ကြီးမားခြင်း၊ ထိုးထွင်းကြံဆနိုင်ခြင်းအပြင် ပါဝင်ပတ်သက်သူဘက်အားလုံး၏ အကျိုးစီးပွားနှင့် စာချုပ်၏ရည်မှန်းချက်အတိုင်း ပြီးပြည့်စုံစေရန်အတွက် အခက်အခဲနှင့် အတားအဆီးများကို ကျော်လွှားပြီး ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း KNU ဥက္ကဋ္ဌက သဝဏ်လွှာတွင် ဖော်ပြထားသည်။

NCA စာချုပ်အတိုင်း အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်တပ်များ တွေ့ဆုံဆွေးနွေးရန် မစတင်နိုင်သေးသည့်အချိန်တွင် သက်ဆိုင်ရာ နှစ်ဖက်တပ်များမှ မိမိတို့တပ်များ၏ ရပ်တည်ချက်များ၊ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များကြောင့် KNU ၏ နယ်မြေအစိတ်အပိုင်းအချို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာပြီး ဒေသခံများမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း KNU ဥက္ကဋ္ဌက သဝဏ်လွှာ၌ ဖော်ပြပါရှိသည်။

အဆိုပါ ပဋိပက္ခပြဿနာများကို NCA စာချုပ်၏ လမ်းညွှန်ချက်များအတိုင်း တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာလျှင် အဖြေရှာနိုင်မည်ဖြစ်ပြီး ပဋိပက္ခများ ကြီးထွားကျယ်ပြန့်လာခြင်းမရှိစေရန် တာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ရေးသားထားသည်။

NCA စာချုပ်၏ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရမည့် အချက်များစွာ ကျန်ရှိနေပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးများတွင် သက်ဆိုင်ရာ လူမျိုးများနှင့် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ခြင်း မရှိသေးကြောင်း KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် NCA စာချုပ် ချုပ်ဆိုပြီး ငါးနှစ်အတွင်း NCA စာချုပ်အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများသည် များပြားလှသော သက်ဆိုင်ရာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်၊ ရပ်တည်ချက်၊ အမြင်နှင့် သဘောထားများကြောင့် မျှော်မှန်းထားသည့်အတိုင်း ဆွေးနွေးမှုများမရှိခဲ့ဘဲ အခက်အခဲ အခြေအနေနှင့် အတားအဆီးများ ရှိခဲ့ကြောင်းလည်း KNU ဥက္ကဋ္ဌက ဆိုသည်။

NCA စာချုပ် အကောင်အထည်ဖော် ရေးလုပ်ငန်းစဉ်များတွင် သဘောတူညီချက်များဖြစ်သည့် အပြန်အလှန် လေးစားအသိအမှတ်ပြုမှုအပြင် တန်းတူရည်တူမှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းများ မရှိခြင်း၊ သင့်တင့်မျှတမှုနှင့် လိုက်လျောညီထွေမှုများ မရှိခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးအတွက် တွေ့ဆုံဆွေးနွေးမှုများနှင့် လုပ်ဆောင်မှုများ၏ ရလဒ်ကောင်းများ မရရှိခဲ့ကြောင်း၊ စာချုပ်ပါ သဘောတူညီချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ပြီး ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန် KNU က နည်းလမ်းမျိုးစုံဖြင့် ကြိုးစားအားထုတ်လျက်ရှိရာ နောက်ဆုံးတွင် NCA စာချုပ်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဆောင်နိုင်ရန် KNU က ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် တရားဝင်တွေ့ဆုံမှုများကို ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုများဖြင့် ကြိုးစားအားထုတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ကြောင်း KNU ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။