ဆယ်လကျော်အတွင်း ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၆၀၀ ကျော်အား နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား

ဆယ်လကျော်အတွင်း ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၆၀၀ ကျော်အား နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား
ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်းအပြောင်းအလဲများအား စောင့်ကြည့်နေသူအချို့ကို တွေ့ရစဉ်
ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အရောင်းအဝယ်၊ စျေးနှုန်းအပြောင်းအလဲများအား စောင့်ကြည့်နေသူအချို့ကို တွေ့ရစဉ်
Published 29 January 2021
စည်သူအောင်

ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာအရေအတွက် ၄၅၀၂၆၀၀ ကျော်အား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစတင်၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့ အိတ်ချိန်းစာရင်း ကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက် စာရင်းများအရ ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၄၅၀၂၆၇၉ ခုကို ဝယ်ယူထားသည်။ ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၅၈၁၃၆ ခု၊ မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးလ်ဒင်း ပတ်ပလစ်လီမိတက် (MTSH) တွင် ၃၁၉၇၃ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၇၁၂၅ ခု၊ TMH Telecom Public Co.,Ltd တွင် ၅၄၄၅ ခုဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ကြေညာချက်အမှတ် (၄/၂၀၂၀) ဖြင့် အသိပေးကြေညာသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်သည် အမိန့်ကြော်ငြာ စာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့ အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၍ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အပိုဒ် ၃ (ဂ) အရ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံ ခြားသားများ (တစ်ဦးချင်းနှင့် အဖွဲ့အစည်း များအပါအဝင်) အနေဖြင့် ပထမဦးစွာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတစ်ခုသို့ သွားရောက်၍ ထောက်ခံစာရယူရန်လိုအပ် သည်။ ယင်းနောက် ပြည်တွင်း၌ နေထိုင်သူ ဖြစ်ပါက Resident Kyat Account for Securities (R-KAS) နှင့် ပြည်ပတွင် နေထိုင်သူဖြစ်ပါက Non Resident Kyat Account for Securities (N-KAS) နှင့် Non-resident Foreign Currency Account for Securities (N-FASဘဏ် စာရင်းများဖွင့်လှစ်ပြီးမှသာ Securities Company များတွင် Securities Account များ ဖွင့်လှစ်ရန်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ အနေဖြင့် ကော်မရှင်မှသတ်မှတ်ထားသည့် ဘဏ်စာရင်းများ အသီးသီးဖွင့်လှစ်၍ အရောင်းအဝယ် ပြုလုပ်ကြပါရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က မေတ္တာရပ်ခံအသိပေး ကြေညာထားသည်။

ရန်ကုန်စတော့ အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ရာ၌ နိုင်ငံခြားသား ပါဝင်ဆောင်ရွက်ရာတွင် ဘဏ်များလိုက်နာဆောင်ရွက်ရမည့် အချက်များကို နိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၃/၂၀၂၀ ညွှန်ကြားခဲ့ကြောင်း သိရသည်။

ငွေကြေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၀ များအရ ပြည်တွင်း၌ နေထိုင်သူနိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများအား ရောင်းဝယ်ခွင့်ပြုမည်ဖြစ်သည်။

ညွှန်ကြားချက်အမှတ် ၁/၂၀၂၀၊ အပိုဒ် ၁၉ အရ နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်ရာတွင် ယင်းတို့၏ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုကို ခံယူရမည်ဖြစ်သည်။

Most Read

Most Recent