ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံမြေငှားရမ်းခများမှာ အဓိကစိန်ခေါ်မှု ဖြစ်နေကြောင်းနှင့် မြေကို မျှတသည့် မြေငှားခများဖြင့် စဉ်းစားပေးနိုင်ရန် အစိုးရအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံမြေငှားရမ်းခများမှာ အဓိကစိန်ခေါ်မှု ဖြစ်နေကြောင်းနှင့် မြေကို မျှတသည့် မြေငှားခများဖြင့် စဉ်းစားပေးနိုင်ရန် အစိုးရအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ဝန်ကြီး ပြောကြား
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 29 January 2021
နီလာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံမြေငှားရမ်းခများမှာ အဓိကစိန်ခေါ်မှု ဖြစ်နေကြောင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေများအရ သိရှိရပြီး မြေကို မျှတသည့် မြေငှားရမ်းခများဖြင့် စဉ်းစားပေးနိုင်ရန် အစိုးရအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်  စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ဇန်န ၀ါရီ ၂၈ ရက်က ပြောကြားသည်။

“တိုင်းအနေနဲ့ စက်ရုံမြေ ငှားရမ်းခတွေက အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အခြေအနေအရ ကျွန် တော်တို့သိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ မြေတွေမှာ မျှတတဲ့မြေငှားရမ်းခတွေနဲ့ စဉ်းစားပေးနိုင်ကြဖို့ကိုလည်း အစိုးရအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ လက်ရှိအချိန်မှာတော့ စက်မှုဇုန်တွေနဲ့အတူ စက်မှုဇုန်တွေ ပိုမို ဖွံ့ဖြိုးတိုးတက်လာသလို ရန်ကုန်တိုင်း စိုက်ပျိုး ရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ကျွန်တော်တို့ တိုင်းအစိုးရက ဆောင်ရွက်နေတာ ရှိပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်တိုင်း အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းအတွက် ၂၀၁၈-၂၀၂၁ စီမံကိန်း ကို ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေး တစ်ရပ်ဖြစ်သည့်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ဇန်နဝါရီ ၂၈ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာတွင် ဝန်ကြီးဦးဟံထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် အနေဖြင့် စက်မှုဇုန် ၂၉ ခုရှိပြီး အထူးစီးပွားရေးဇုန် အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန် တည်ရှိနေသည်။

“ရန်ကုန်တိုင်းမှာ စက်မှုဇုန်အနေနဲ့ စက်မှုဇုန် ၂၉ ခုရှိပြီ။ အထူးစီးပွားရေးဇုန်အနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန်လည်း တည်ရှိနေတဲ့အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအနေနဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးရေးကို အခြေခံတဲ့ တန်ဖိုးမြှင့်ထွက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းများမှာ လာရောက် ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ဝန်ကြီး ဦးဟံထွန်းက ဆက်လက်ပြောကြားသည်။

စက်မှုဇုန် အများအပြား၌ အသုံးမပြုသည့် မြေကွက်များ၊ ပုံမှန်မဟုတ်ဘဲ အသုံးပြုထားသည့်မြေများနှင့် အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုစသည့် ပြဿနာများရှိကြောင်း၊ စက်မှုဇုန်များ စီမံခန့်ခွဲသည့်အဆင့်မှာ ယေဘုယျအားဖြင့် ရှေ့တန်းရောက်နေသည့် အာဆီယံနိုင်ငံများထက် နိမ့်ကျနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတွင် ဖော်ပြထားသည်။

စက်မှုဇုန်မြေကွက်များတွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် မြေကွက်လပ်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ အစိုးရသစ် တာဝန်ယူသည့် အချိန်မှစ၍ စက်မှုဇုန်များတွင် စက်ရုံ အလုပ်ရုံ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွက်လပ်ဖြစ်နေသည့် မြေကွက်ပိုင်ရှင် များနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“စက်မှုဇုန်တွေမှာ မြေကွက်အလွတ် အများကြီး မရှိတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ နေရာတွေကို ရှင်းလင်းဖို့ ဆက်လက် ဆောင်ရွက်သွားမယ်။ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်တဲ့ နေရာမှာလည်း သင့်တင့်မျှတတဲ့ ဝန်ဆောင်မှု စရိတ်ကိုယူပြီး စက်မှုဇုန်တွေကိုအဆင့် မြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ရင်းနှီးမြှုပ်နှံသူများမှာ သင့်လျော်သည့် နေရာများကို ရှာဖွေရာတွင် အခက်အခဲများ ဖြစ်နေကြကြောင်းနှင့် စက်မှုဇုန်များ၏ အုုပ်ချုပ်မှုသည် ရှုပ်ထွေးပြီး အကျိုးဆက်အနေဖြင့် အဆိုပါဇုန်များ ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

စက်မှုဇုန်များ၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု တိုးတက်စေရန်အတွက် မြန်မာနိုင်ငံအစိုးရသည် စက်မှုဇုန် အုပ်ချုပ်မှု မူဝါဒများ၊ စည်းမျဉ်းဆိုင်ရာ အဖွဲ့အစည်းများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေး ကြီးကြပ်မှုတို့တွင် ပြန်လည်သုံးသပ်၍ ပြုပြင်မွမ်းမံသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

 

Most Read

Most Recent