နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍလေးခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု MIC ထပ်မံခွင့်ပြု

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍလေးခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခု MIC ထပ်မံခွင့်ပြု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကိုတွေ့ရစဉ်(ဓာတ်ပုံ- MIFER)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကိုတွေ့ရစဉ်(ဓာတ်ပုံ- MIFER)
Published 28 January 2021
ဇေယျာငြိမ်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် စီးပွားရေးကဏ္ဍလေးခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၄ ခုကို ထပ်မံခွင့်ပြုပေးခဲ့ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန MIFER မှ သိရသည်။

ဇန်နဝါရီ ၂၇ ရက်တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/ ၂၀၂၁) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းအသစ် ၁၄ ခုကို ခွင့်ပြုပေးခဲ့သည်။

ယင်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂၉၅ ဒသမ ၂၇၉ သန်း နှင့် ကျပ် ၁၅၃ ဒသမ ၆၈၆ ဘီလျံရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၃၇၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဆောင်ရွက်မည့် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလေးခုနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် Scoular Myanmar Co., Ltd  က ဆောင်ရွက်မည့် တန်ဖိုးမြှင့်ထုတ်လုပ်သော ငါးစာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတစ်ခု အပါအဝင် ဝက်မွေးမြူရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်နှင့်အညီ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး၊ အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများသည် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးဦးတည်ချက်အား အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်းသိရသည်။

ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက်အရလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် National Determined Contribution –NDC ကို ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ခု နှစ်အကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီူမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံကျော်အထိဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ယာတည်ဆောက်ဖွံ့ဖြိုးရေး၊ စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ စက်မှုဇုန်တည်ဆောက်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်း ကဏ္ဍ ၁၁ ခု၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိကဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent