“ဆေးကြောင့် တစ်ခုခုဖြစ်မှာစိုးလို့ ဆေးထိုးပြီး နာရီဝက် စောင့်ခိုင်းတာပါ။ ဘာမှမဖြစ်ပါဘူး” ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်သက်သက်သိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

“ဆေးကြောင့် တစ်ခုခုဖြစ်မှာစိုးလို့ ဆေးထိုးပြီး နာရီဝက် စောင့်ခိုင်းတာပါ။ ဘာမှမဖြစ်ပါဘူး” ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်သက်သက်သိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 27 January 2021
အိသဥ္ဇာကျော်

ဇန်နဝါရီ ၂၇ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေး ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး တစ်ပြိုင်နက် စတင်ထိုးနှံ ပေးလျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအောက်ရှိ COVID-19 ကုသရေး ဆေးရုံကြီးများ၊ ကုသရေးဌာနများနှင့် စင်တာများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများကို ဦးစားပေး အုပ်စုအဖြစ် သတ်မှတ်ကာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီးတွင် ပထမဦးဆုံး COVID-19 ကာကွယ်ဆေး ထိုးပေးခြင်းခံရသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သူနာပြုအုပ် ဒေါ်သက်သက်သိန်းနှင့် မီဒီယာများ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။  

မေး - ဆရာမ နာမည်နဲ့ ရာထူးလေး ပြောပြပေးပါ။

ဖြေ - ကျွန်မနာမည် ဒေါ်သက်သက်သိန်းပါ။ ရန်ကုန်ဆေးရုံကြီးက သူနာပြုအုပ် ဖြစ်ပါတယ်။ ကျွန်မဒီနေ့ ပထမဆုံးစပြီး ထိုးခံရတဲ့ အတွက်ကို အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ပံ့ပိုးကူညီကြတဲ့ အလှူရှင်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဆေးရတဲ့အတွက် ဆေးရအောင် လုပ်ပေးတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေးကတော့ လူတိုင်းမဖြစ်မနေ ထိုးကို ထိုးသင့် ပါတယ်ရှင်။

မေး - ကာကွယ်ဆေး အခုစတင် ထိုးနှံတဲ့အခါမှာ ခံစားရတဲ့ အခြေအနေလေး ပြောပြပေးပါ။

ဖြေ - ကျွန်မ ပျော်ပါတယ်။ ဂုဏ်လည်းယူပါတယ်။ ပထမဦးဆုံးအကြိမ် ဖြစ်တဲ့အတွက်ကြောင့် ပထမဦးဆုံး ထိုးခံရတဲ့ အတွက်ကြောင့် ဝမ်းသာပါတယ်။

မေး - ကာကွယ်ဆေး ပထမဆုံးထိုးတဲ့သူအဖြစ် ဆရာမကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာ ပြောပြပေးပါ။

ဖြေ - ဒီနေ့ထိုးဖို့ စာရင်းထဲပေးထားပြီး ပထမဆုံးဖြစ်မယ်လို့ ဒီရောက်မှပဲ သိတာပါ။ ကာကွယ်ဆေးထိုးတာ လုံးဝမနာပါဘူး။ ကာကွယ်ဆေးထိုးတာ နာမယ်လို့ ဖတ်ထားရတော့လေ။ သူများနိုင်ငံမှာ ထိုးတဲ့လူတွေကလည်း Facebook တွေ Youtube တွေမှာလည်း ဒီဆေးက နာတယ်ဆိုတော့ ကျွန်မလည်း အဲဒါတော့ နည်းနည်းတော့ စိုးရိမ်တယ်။ နာမလားပေါ့။ အခုထိုးလိုက်တော့ လုံးလုံးမနာပါဘူး။

မေး - ကာကွယ်ဆေး မထိုးခင် ဘာတွေကို ပြင်ဆင်ရပါသလဲ။ ဆေးထိုးပြီးချိန်မှာရော ဘယ်လိုခံစားရပါသလဲ။

ဖြေ - ကျွန်မကတော့ ပုံမှန်ပါပဲ။ ကျွန်မမှာ သွေးတိုးနည်းနည်းရှိတော့ နေ့တိုင်းတော့ ဆေးသောက်ပါတယ်။ ညတိုင်းသောက်တယ်။ ဒီနေ့မနက်ကတော့ အိပ်ရာက စောထတယ်။ စိတ်ကတော့ နည်းနည်းလှုပ်ရှားတယ်။ ဒီနေ့ ဆေးထိုးမယ် ဆိုတော့လေ။ ပထမဦးဆုံး ထိုးရမယ် ဆိုတာကတော့ ဒီရောက်မှပဲ သိတာပါ။

မေး - ကာကွယ်ဆေးမထိုးခင် တခြားစစ်ဆေးတာမျိုးရော ရှိပါသလား။

ဖြေ - သွေးပေါင်တိုင်းပါတယ်။ အပူချိန်တိုင်းပါတယ်။ SPO2 တိုင်းပါတယ်။ အကုန်ကောင်းပါတယ်။ ဆေးထိုးပြီး မူးလား။ ဓာတ်မတည့်တာမျိုးဖြစ်လား။ ဆေးကြောင့်မူးတာလား။ တစ်ခုခုပေါ့။ ဆေးကြောင့် တစ်ခုခု ဖြစ်မှာစိုးလို့ ဆေးထိုးပြီး နာရီဝက် စောင့်ခိုင်းတာပါ။ ဘာမှမဖြစ်ပါဘူး။

မေး - ကာကွယ်ဆေးထိုးဖို့ ကြောက်နေတဲ့ သူတွေလည်းရှိတော့ သူတို့ကို ဘယ်လိုသတင်းစကားမျိုး ပြောချင်ပါသလဲ။

ဖြေ - ဒီဆေးက အားလုံးထိုးသင့်ပါတယ်။ နိုင်ငံတော်ကလည်း ဆေးရဖို့ကို ကြိုးစားပြီးတော့ အလှူရှင် တွေကလည်း လှူပေးကြတဲ့ အတွက်ကြောင့် ဒီဆေးရလာပြီး မြန်မြန်ဆန်ဆန် ထိုးရတာကို အားလုံးက ထိုးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ COVID က ဘယ်အချိန်မှ ပြီးမယ်မှန်းလည်း မသိဘူး။ ဘယ်လိုမျိုး ပြီးမယ်မှန်းလည်း မသိသေးဘူးဆိုတော့ ဆေးထိုးထားမှပဲ ကာကွယ်ရာ ရောက်မှာပေါ့နော်။ ကျွန်မတို့ Mask တပ်တာတို့ လက်ဆေးတာတို့ လူစုလူဝေးထဲ မသွားရဘူး။ ခြောက်ပေအကွာနေရမယ် ဒါတွေက ဆက်လက်ပြီး လုပ်ရမှာပါ။ ဆေးထိုးပြီးပြီ ဆိုပြီးတော့ Mask ဖြုတ်ပြီးသွားလို့ မရဘူးပေါ့နော်။ ဆေးထိုးပြီးလည်း Mask တပ်ထားရမယ်။ Face Shield တပ်ရမယ်။ ခြောက်ပေအကွာမှာနေမယ်။ လူစုလူဝေးရှိတဲ့ နေရာကို မသွားရဘူး။ ဒါတွေတော့ ဆင်ခြင်ရမှာပါ။ ကျွန်မတို့ဆေးရုံက အများဆုံးပါပဲ။ သူနာပြု ၁၅၀ လောက် COVID ကူးခံရပါတယ်။ ဒါပေမဲ့ အားလုံးကတော့ အခြေအနေကောင်းပြီး ဆေးရုံဆင်းပြီးတော့ အလုပ်ပြန်ဝင်နေကြပါပြီ။ ကျွန်မတို့တွေလည်း တစ်ချိန် ဘယ်အချိန်မှာများ ကူးမလဲ။ ဘယ်အချိန်မှာများ Positive ထွက်မလဲလို့ တွေးပါတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ ဘာမှ မဖြစ်ခဲ့ပါဘူး။

မေး - အခု ကာကွယ်ဆေး ထိုးပြီးပြီဆိုတော့ အလုပ်လုပ်ရတာ ဘယ်လိုရှိပါသလဲ။

ဖြေ - ကာကွယ်ဆေး ထိုးပြီးပြီဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတာပေါ့နော်။ ငါကာကွယ်ဆေး ထိုးပြီးပြီဆိုတဲ့ စိတ်လေးကတော့ စိတ်ထဲမှာ ယုံကြည်မှု ရှိလာတာပေါ့နော်။ ဒါပေမဲ့ ဒီ Mask တပ်တာကတော့ မချွတ်ရသေးပါဘူး။ Face Shield လည်း တပ်ထားရမှာပါ။ ဆရာမတွေကတော့ ဒီ Positive လူနာတွေကြားမှာ ပြုစုကုသပေးနေတဲ့ အတွက်ကြောင့်မို့ သူတို့တွေကိုတော့ ကာကွယ်ဆေးတွေ ထိုးပြီးတော့ ကလေးတွေ အနေနဲ့လည်း နည်းနည်း စိတ်သက်သာရာ ရတာပေါ့နော်။ ကျွန်မကတော့ Admin ပိုင်းပါပဲ။ ရုံးပေါ်ကနေ ဘယ်နေရာ ဘယ်ဌာနမှာ အခု ဆေးရုံမှာ သူနာပြုဦးရေ ၉၀၀ ကျော် ရှိပါတယ်။ ကျွန်မတို့မှာ ဌာနပေါင်း ၄၇ ခုလောက် ရှိပါတယ်။ ဒါတွေအားလုံးကို ခွဲခြားပြီးတော့ ထည့်ပေးရပါတယ်။ အရေးပေါ်ဌာနမှာတော့ ပထမဆုံး ပထမလှိုင်းမှာ သိပ်ပြီးတော့ မဖြစ်ပေမယ့် ဒုတိယလှိုင်းမှာတော့ လူနာတွေ များလာပါတယ်။ အဲဒီတော့ ကျွန်မတို့က တခြား Ward တွေကနေပြီးတော့ ဆရာမတွေကို လူနာနည်းတဲ့ Ward တွေကနေပြီးတော့ အဲဒီအချိန် ပြင်ပလူနာဌာနတို့ ဘာတို့ကလည်း ပိတ်ထားတဲ့အချိန်မှာ အဲဒီဌာနက ဆရာမတွေကို အရှေ့က အရေးပေါ် PUI MO Ward တွေမှာထည့်ပေးရပါတယ်။ အခု လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာ ကုသနေတဲ့ လူနာအရေအတွက်က လျော့သွားပါပြီ။ အခု COVID Positive ကတော့ နည်းသွားပြီပေါ့နော်။ ၂၀၀ ပတ်ဝန်းကျင်ပဲ ရှိပါတော့တယ်။ စာရင်းအတိအကျကတော့ ဒီမနက်စာရင်းကို မကြည့်ရသေးပါဘူး။

 

Most Read

Most Recent