ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာ အရေအတွက် ၄၅၀၂၀၀၀ ကျော်အား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား

ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာ အရေအတွက် ၄၅၀၂၀၀၀ ကျော်အား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထား
Published 26 January 2021
စည်သူအောင်

ရန်ကုန် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပြီး ၁၀ လကျော်အတွင်း ကုမ္ပဏီလေးခု၏ အစုရှယ်ယာ အရေအတွက် ၄၅၀၂၀၀၀ ကျော်အား နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူထားကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှ စတင်၍ နိုင်ငံခြားသားများ၊ နိုင်ငံခြား အဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက် စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီ လေးခု၏ အစုရှယ်ယာ ၄၅၀၂၀၉၄ ခုကို ဝယ်ယူခဲ့သည်။ ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာ ပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၅၈၁၃၆ ခု၊ မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးလ်ဒင်းပတ်ပလစ်လီမိတက် (MTSH) တွင် ၃၁၉၇၃ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၆၅၄၀ ခု၊ TMH Telecom Public Co.,Ltd တွင် ၅၄၄၅ ခု ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများ ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ကြေညာချက်အမှတ် (၄/၂၀၂၀) ဖြင့် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသားများ ပါဝင် ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent