CNG လုပ်ငန်းများကို ရန်ကုန်အပြင် နေပြည်တော်နှင့် အခြားဒေသများ၌ စီစဉ်ဆောင်ရွက်ရန်နှင့် ပို့ဆောင်ရေးကဏ္ဍတွင် CNG အသုံးပြုခြင်းဖြင့် ကာဗွန်လျှော့ချရေးနှင့် လေထုသန့်ရှင်းရေး အထောက်အကူပြုစေမည်ဟု ပြောကြား

CNG လုပ်ငန်းများကို ရန်ကုန်အပြင် နေပြည်တော်နှင့် အခြားဒေသများ၌ စီစဉ်ဆောင်ရွက်ရန်နှင့် ပို့ဆောင်ရေးကဏ္ဍတွင် CNG အသုံးပြုခြင်းဖြင့် ကာဗွန်လျှော့ချရေးနှင့် လေထုသန့်ရှင်းရေး အထောက်အကူပြုစေမည်ဟု ပြောကြား
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (၀၀၈) ပုလဲဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် (၀၀၈) ပုလဲဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ-MOEE)
Published 26 January 2021

အနာဂတ်ကာလတွင် Green Energy နှင့် Green Economy လမ်းကြောင်းသွားရန်အတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) လုပ်ငန်းများကို ရန်ကုန်ဒေသအပြင် နေပြည်တော်နှင့် အခြားဒေသများတွင်လည်း စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ထို့ပြင် ပို့ဆောင်ရေးကဏ္ဍတွင် CNG အသုံးပြုခြင်းဖြင့် ကာဗွန်လျှော့ချရေးနှင့် လေထုသန့်ရှင်းရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

CNG သုံး ခရီးသည်တင်မော်တော်ယာဉ်များအတွက် အသုံးပြုနိုင်ရန် ရေနံမြေများမှထွက်ရှိသော ကုန်းတွင်းသဘာဝဓာတ်ငွေ့ဖြင့် နေ့စဉ် ကုဗပေ ၂၃ သန်းကျော် ဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) ရောင်းချပေးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် လက်ရှိအချိန်အထိ စုစုပေါင်း မော်တော်ယာဉ်အစီးရေ ၂၆၉၇၀ ကို သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်အဖြစ် ပြောင်းလဲတပ်ဆင်နိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် နှစ်ဆိုင်၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့တွင် နှစ်ဆိုင်နှင့် ချောက်မြို့တွင် တစ်ဆိုင် စုစုပေါင်း ၄၆ ဆိုင် ဖွင့်လှစ်၍ ၂၄ နာရီပိတ်ရက်မရှိ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ် ၂၈၂၉၉ စီးကို နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃ သန်းခန့် အသုံးပြု၍ တစ်ကီလို ဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်ကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင်သုံးဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အရောင်းဆိုင်နှစ်ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် သုံးဆိုင်၊ စုစုပေါင်း ၄၆ ဆိုင်အထိ တိုးတက်လာခဲ့ပြီး သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle-NGV) မော်တော်ယာဉ် ၂၈၂၉၉ စီးကို နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေ ၂၃ သန်းခန့်အသုံးပြု၍ တစ်ကီလိုဂရမ်လျှင် ၂၇၃ ဒသမ ၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်စုစု ပေါင်းကီလိုဂရမ် ၅၁၀၀၀၀ ကျော် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အရောင်းဆိုင်များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

CNG အရောင်းဆိုင်များတွင် နည်းပညာမြင့် CNG Compressor စက်သစ်များ အစားထိုး တပ်ဆင်ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှုပိုမိုမြန်ဆန်လာပြီး အရောင်းဆိုင် ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှု လျော့နည်းလျက်ရှိသည်။

ရောင်းချနေသည့် CNG စျေးနှုန်းသည် တစ်ဂါလန်လျှင် ကျပ် ၁၀၀၀ နှုန်းနှင့် ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီ စျေးနှုန်းထက် သုံးဆခန့် သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် သက်သာစွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent