တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ထိန်းရမည့် အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ဥပဒေပြဋ္ဌာန်းချက်များအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းပေးထားပြီး ဥပဒေကြောင်းအရ လုပ်နိုင်သမျှကို ဆက်လက်လုပ်ဆောင်မည်

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ထိန်းရမည့် အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ဥပဒေပြဋ္ဌာန်းချက်များအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းပေးထားပြီး ဥပဒေကြောင်းအရ လုပ်နိုင်သမျှကို ဆက်လက်လုပ်ဆောင်မည်
Published 26 January 2021
အောင်မင်းသိန်း

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ထိန်းရမည့် အဖွဲ့အစည်းဖြစ်ခြင်းကြောင့် ဥပဒေပြဋ္ဌာန်းချက်များအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စာရင်းပေးထားပြီး ဥပဒေကြောင်းအရ လုပ်နိုင်သမျှကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၂၆ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည့် တပ်မတော်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်နေနှင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် အချိန်တွင် တတိယအကြိမ် လွှတ်တော်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းပေးထားခြင်းများ တွေ့ရခြင်းကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တက်၊ မတက် သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိက လိုက်နာရမယ့် အဖွဲ့အစည်းဖြစ်တယ်။ စောင့်ထိန်းရမယ့် အဖွဲ့အစည်းဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ပြောပြီးသားဖြစ်တယ်။ ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေ ပြဋ္ဌာန်းချက်တွေအရ ကျွန်တော်တို့ နာမည်စာရင်း ပေးထားပါတယ်။ မှန်ပါတယ်။ ကျွန်တော် ပြောလိုတာကတော့ တပ်မတော်အနေနဲ့ ဥပဒေကြောင်းအရ လုပ်နိုင်တာမှန်သမျှကို ဆက်ပြီး လုပ်ဆောင်သွားပါမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွင် ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ ဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးနှင့် ဒုတိယဗိုလ်မှူကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွင် ဗိုလ်ချုပ်အဆင့်ရှိ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦး၊ ဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်သား

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးနှင့် ဒုတိယဗိုလ်မှူကြီး၊ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၀ ဦး ပါဝင်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ(၁၄)တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သတ်မှတ်ထားသည့်ဦးရေးအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၀)၊ ပုဒ်မခွဲ(ခ)တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြစ်သော တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် အများအစုအဖွဲ့နှင့် ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ စသည့်အဖွဲ့များဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မခွဲ(ဂ)ပါ ပြဋ္ဌာန်းချက်အရ ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်ဖြစ်ခြင်းကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးအား တင်မြှောက်ခွင့်ရရှိမည်ဖြစ်သည်။