ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 26 January 2021
ဉာဏ်လင်းထွန်း

လက်ရှိတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအနေဖြင့် ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာ၊ မည်သို့သော သဘောထားကွဲလွဲမှုများကြောင့် နုတ်ထွက်ခဲ့ရသည့်အခြေအနေများအပေါ် ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို The Daily Eleven သတင်းစာက ဖော်ပြလိုက်ရပါသည်။

“ဒီဟာကတော့ အဓိကပဲလေ။ ကျွန်တော်တို့ကတော့ ဘာမှ သူတို့ NLD ဆီမှာလည်း တောင်းဖို့မလိုဘူး။ ကျွန်တော်တို့မူက ရှိပြီးသားပဲ”

မေး အန်ကယ့်အနေနဲ့ SNLD ပါတီဥက္ကဋ္ဌအဖြစ်က နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။ ဒီလိုမျိုး ပါတီဥက္ကဋ္ဌအဖြစ်က နုတ်ထွက်တာက ဘယ်လိုအခြေအနေတွေကြောင့်များလဲခင်များ။

ဖြေ အခြေအနေကတော့ဗျာ ပွင့်ပွင့်လင်းလင်း ပြောရလို့ရင်တော့ ဒီလိုပေ့ါ။ ကျွန်တော်တို့ ဟိုတုန်းက လုပ်ခဲ့တဲ့ဟာနဲ့ တော်တော်ကြီး ကွာဟသွားပြီလေ။ ကျွန်တော်က ၇၈ နှစ်ရှိပြီ။ ပါတီမှာ ၃၂ လုပ်တယ်။ ဟိုတုန်းကတော့ ရှင်းရှင်းပြောရရင်တော့ အိတ်စိုက်ပေ့ါဗျာ။ အခုထိ အိတ်စိုက်ပါပဲ။ ဒါထားလိုက်ပါတော့။ ဒါပေမဲ့ စင်ကာပူတို့ ဘာတို့ ညာတို့ကတော့ အိတ်စိုက်မဟုတ်ဘူး။ သူတို့က ငွေက ရှိပြီးသား။ ချမ်းသာတဲ့နိုင်ငံကိုးဗျ။ အိတ်စိုက်ရင်း လုပ်လာတာက တော်တော်လေးကို ၃၂ နှစ်ပြည့်လာတဲ့အခါကျတော့ အခုဖြစ်နေတဲ့အခြေအနေက ဟိုတုန်းက ဖြစ်နေတဲ့အခြေအနေနဲ့ မတူတော့ဘူးဗျ။ မတူတော့တဲ့အခါကျတော့ ဘယ်လိုဖြစ်လဲဆိုရင် ပွင့်လင်းမှုကလည်း ရှိလာပြီ။ ကျွန်တော်လည်း အသက်ကကြီးတဲ့အခါကျတော့ ကလေးတွေလည်း နေရာပေးချင်လို့ တစ်ကြောင်း။ ဒါက နံပါတ်တစ်ပဲပေါ့။

နံပါတ် နှစ်ကတော့ ရှင်းရှင်းပြောရင်တော့ ၀ိရောဓိလေးတွေ ရှိတယ်ဗျ။ ကျွန်တော်တို့ပါတီထဲမှာ ဥပမာဆိုရင် ကျွန်တော် လားရှိုး အစည်းအဝေးလုပ်တုန်းက တစ်ကြိမ်ပေါ့။ ကျွန်တော်မပါဘဲနဲ့ လက်နက်ကိုင်သုံးဖွဲ့နဲ့ ပါတီနှစ်ခုနဲ့ပေါင်းပြီးတော့ ကျွန်တော့် မပြောဘဲနဲ့ သူတို့ဟာသူတို့ အစည်းအဝေးလုပ်လိုက်တယ်။ ကျွန်တော်က အဲဒါ လားရှိုးရောက်တုန်းမှာဖြစ်နေတဲ့ကိစ္စက အဲဒီမှာ ကျွန်တော်တို့ အဖွဲ့ဝင်တစ်ယောက်က အမေဆုံးလို့ ဆိုပြီးတော့ လားရှိုးသွားတဲ့အခါကျတော့ ကျွန်တော်ကို့ပါ သူတို့ကရော ခေါ်လိုက်တယ်။ ကျွန်တော်ပြောတာ ခေါ်ရုံပဲရှိတော့ ကျွန်တော်နဲ့အတူ အဖမ်းခံရတဲ့ ဦးဆေထင်က ပြောတယ်။ ခင်များ မလာဘူးလားဆိုတော့ဟာ ဘာရှိလို့လဲဆိုတော့ ဒီလိုဒီလိုပဲဆိုတော့ ဦးဆေထင်ပြောမှ ကျွန်တော်က သိတာ။ အဲဒါတစ်ခု။ အဲဒီတော့ ကျွန်တော်က မှတ်ထားလိုက်ရော။ အဲဒါ လားရှိုးမှာလည်းဖြစ်တဲ့ကိစ္စက ကျွန်တော့်လည်း မဖိတ်ဘူး။ ပြောလည်းမပြောဘူး။

ဒုတိယကိစ္စက ဘာလဲဆိုတော့ ကျွန်တော်ထွက်လာပြီးတဲ့အခါကျတော့ သူတို့က အတင်းလာခေါ်တယ်။ လုပ်ပေးပါဦးတဲ့။ အန်ကယ့်ပုံကြီးနဲ့ပေ့ါလေ။ သူတို့လုပ်ထားတယ်။ မဲဘာညာ လုပ်ထားတယ်။ ကျွန်တော့်ပုံကြီးနဲ့ဆိုတော့ အဲဒါလည်း ကျွန်တော့်မပြောဘူး။ နောက်တော့ ဘယ်လိုလုပ်လဲဆိုတော့ မဲရွေးတဲ့အခါကျရင် ဦးခွန်ထွန်းဦးလည်း လာရွေးမယ်။ ကိုယ်တိုင်လာပြီးကြပ်မတ်ပြီး လုပ်ပေးမယ်ဆိုတာ သူတို့က တော်တော်လေးကို သတင်းစာတွေထဲမှာ ရေးပေးတယ်။ ရေးပေးပြီးတော့ ရွေးတဲ့အခါ ကျတော့ အဲဒီရွေးတဲ့ပွဲမှာလည်း ကျွန်တော့်ကို လုံးဝမဖိတ်ဘဲနဲ့ ရှင်းရှင်းပြောရင်တော့ သူတို့ ရွေးလိုက်တယ်။ ကျွန်တော်တို့ဆိုလိုတာက ဦးရွှွေှအုန်းပြောတဲ့ စကားအတိုင်းသာဆိုရင် ဦးရွှေအုန်းတုန်းကဆိုရင် ၁၉၄၇ ပင်လုံစာချုပ်ကြီးအကြောင်း ဦးရွှေအုန်းပြောတာက တစ်တုံးစာမိပြီတဲ့။ အခုဟာက ဒီဟာက လားရှိုးကိစ္စလည်း တစ်တုံးစားမိပြီ။ နောက်ပြီးတော့ ရွေးကောက်ပွဲမှာလည်း ကျွန်တော့်ကိုလည်း လုံးဝပါမယ်လို့ ပြောပြီးတော့ လုံးဝလည်း ကျွန်တော်မသိဘဲနဲ့ ကိုယ့်လူသူ့လူ ကိုယ့်တပည့်သူ့တပည့် ရွေးပြီးတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်တော် နှစ်တုံးစာမိသလို ဖြစ်သွားတယ်။ ကျွန်တော် အလိမ်ခံရတာပေါ့ဗျာ။ ရှင်းရှင်းပြောရင်တော့။ အဲဒါ ပြသနာက စတာပဲ။

လောလောဆယ်မှာ SNLD ဖြစ်နေတာက ဘာဖြစ်နေလဲဆိုရင် ဒီကျွန်တော်တို့ဥက္ကဋ္ဌအဖွဲ့က အာဏာမရှိဘဲနဲ့ အတွင်းရေးမှူးအဖွဲ့က အာဏာရှိသလို ဖြစ်နေတယ်။ SNLD မှာက ရှင်းရှင်းပြောရင် အတွင်းရေးမှူးအဖွဲ့က ဥက္ကဋ္ဌအဖွဲ့ကိုလွှမ်းမိုးပြီးတော့ ခြယ်လှယ်နေတယ်။ အခု သူတို့က တောင်ကြီးဘက်ကို ရှမ်းပြည်ဘက်ကို ပြောင်းမယ်ဆိုတာလည်း ကျွန်တော်တို့ကို မပြောဘူး။ ဒီတော့ ပြောင်းသွားတယ်။ ပြောင်းသွားတဲ့အခါ ဘယ်လိုမျိုးဖြစ်လဲဆိုတော့ ရှင်းရှင်းပြောရင် သူတို့ ဟိုတုန်းက Hsenpai ဆိုတဲ့ သတင်းစာတိုက်လုပ်တယ်။ နောက် ဟိုပုံးကိုဆင်းတဲ့အခါ  ဟိုပုံးက ခြောက်မိုင်မှာလည်း မြေကြီးတွေ သူတို့ ဝယ်တယ်။ သဘောက Hsenpa ဝယ်တဲ့ငွေက ဘယ်ကရသလဲ။ အခုထိ မဖော်ပေးနိုင်ဘူး။ ဒုတိယက ဘာလဲဆိုရင် ဟိုပုံးကနေ တောင်ကြီးကနေ ခြောက်မိုင်ရှိတဲ့ ဧရိယာကို သူတို့က တောင်ကြီးနဲ့ ဟိုပုံးကြားက မြေတစ်ကွက်က နှစ်ဧက ဝယ်ထားတယ်။ နှစ်ဧကဝယ်ထားတာလည်း အမှန်ဆိုရင်တော့ ငွေများတယ်။ ဝယ်ရတာ။ အဲဒါလည်း ကျွန်တော်တို့ကို ဥက္ကဋ္ဌအဖွဲ့ကို မရှင်းပေးနိုင်ဘူး။

နောက်ဆုံး ၀ိ၀ါဒကွဲလွဲတဲ့ တတိယအချက်က ဘာလဲဆိုရင် သူတို့ သွားကြတယ်။ အတွင်းရေးမှူးအဖွဲ့ဝင်တွေ သွားတယ်။ သွားတဲ့အခါကျတော့ ပြောတာဆိုတာတွေက ကျွန်တော်တို့ရဲ့မူနဲ့  နည်းနည်းတော့ မဆိုင်ဘူး။ သူတို့ပြောတာက ပေါင်းမယ်။ ဝင်ပေါင်းမယ်။ ခိုင်းရင်လုပ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ သွားပေါင်းနေတယ်။ ရှင်းရှင်းပြောရင် ကျွန်တော်တို့ ကို (စိုင်း) ညွန့်လွင်တို့က ဒါမျိုး ၀ါဒ ရှိတာ မဟုတ်ဘူး။ မရှိတဲ့အခါကျတော့ လုပ်တဲ့အခါကျတော့ ကဲ ဖြစ်ကုန်ရော။ ပြောကြဆိုကြဖြစ်တဲ့အခါကျတော့ ပြဿနာက ဘယ်လိုပေါ်လဲဆိုရင် သူတို့ ပြောတာက ပေါင်းလုပ်မယ်။ ဒါပေမဲ့ ကို (စိုင်း) ညွန့်လွင်ကို မေးတဲ့အခါကျတော့ ကို (စိုင်း) ညွန့်လွင်က ဘာပြောလိုက်လဲဆိုတော့ ဒီလူတွေက ပါးစပ်မပါလာဘူးတဲ့။ နားရွက်ပဲပါလာတယ်ဆိုတာ အဲဒါဖြစ်ပြန်ရော။ အဲဒီမှာတင်ပဲ ရှင်းရှင်းပြောရင် ဥက္ကဋ္ဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့က ၀ိ၀ါဒ တော်တော်ကွဲနေပြီ။ အဲဒါတွေကြောင့်လည်း ကျွန်တော်ထွက်ဖို့ဟာ ထွက်လည်း ထွက်သင့်ပြီ။ ချက်ချင်းကို ကျွန်တော်က ထွက်လာလိုက်တာ။ ဘာလို့ဆိုရင် ကျွန်တော်လည်း တောင်းထွက်တာ သုံးခါလောက်ရှိနေပြီ။ အဲဒီလိုအခြေအနေမျိုးတော့ ရှိတယ်ဗျ။ နောက်ပြီးတော့ ဒီကိစ္စတွေမှာလည်း ဒီဟာတွေက အဓိကပဲလေ။ အဓိကဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကလည်း မထွက်လို့မရတဲ့အခြေ အနေမျိုးရှိနေတာဗျ။

မေး အန်ကယ့်ပြောကြားပုံအရ ပါတီတွင်း ၀ိ၀ါဒကွဲလွဲမှုအပါအဝင် အဓိကအချက် လေးချက်ကြောင့် ပါတီ ဥက္ကဋ္ဌတာဝန်က နုတ်ထွက်ခြင်းဖြစ်တာပေ့ါ။

ဖြေ ဟုတ်တယ်ဗျာ။ ဒါကတော့ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်က ထွက်လာတာတော့ ရှင်းရှင်းပြောရင် ဘာအပြစ်မှ မရှိဘူး။ ၃၂ နှစ်ရှိနေပြီ။ ဘာနိုင်ငံရေးအပြစ်လဲ မရှိဘူး။ ငွေရေးကြေးရေးပြဿနာ ကျွန်တော့်မှာ မရှိဘူး။ အမျိုးသမီးကိစ္စလည်း ကင်းတယ်။ အချိန်မရွေး ကျွန်တော့်ကို စစ်လို့ရတယ်။ ဒါ ကျွန်တော့်ရဲ့ မူပဲလေ။ လူဆိုတာ ဘယ်အချိန်မှာ တော်သင့်တယ်၊ မတော်သင့်ဘူးဆိုတာတော့ ဆုံးဖြတ်ချက်တော့ စဉ်းစားရတော့မှာပေါ့ဗျာ။ အဲဒီတော့ ဒီအချိန်မှာမှ မထွက်ဘူးဆိုရင် နောက်ပိုင်းမှာ ကျွန်တော်တို့အတွက်က နည်းနည်းမကဘူး။ တော်တော်လေးများများ ဒုက္ခရောက်မယ်။ အဲဒီတော့ ဒါကိုလည်း ရှင်းရမဲ့ကိစ္စဖြစ်နေတယ်။ ဒီပါတီက ထောင်တာလည်း ဦးစိုင်းဖပေါ့ဗျာ။ ဦးစိုင်းဖက SSA မှာ ရောက်နေတယ်။ နောက် ကို (စိုင်း) ညွန့်လွင် ကျန်ခဲ့တယ်။ ကျွန်တော်က ထွက်တယ်။ လူဟောင်းက သုံးယောက်ပဲ ရှိတော့တယ်။ သုံးယောက် ထွက်တဲ့အခါကျတော့ ကို (စိုင်း) ညွန့်လွင်က အခုတော့ လောလောဆယ် လူမရှိတဲ့အတွက် သူဆက်နေတယ်ဆိုပါတော့။ ကျန်တာတော့ ရှင်းရှင်းပြောရင်တော့ ကျွန်တော်တို့ဝါဒနဲ့ ကျွန်တော်တို့လုပ်လာတဲ့ကိစ္စတွေက အခုလုပ်တဲ့ကိစ္စတွေ လုပ်တဲ့လူတွေနဲ့လည်း လုံးဝ SNLD ရဲ့  နိုင်ငံရေးရည်မှန်းချက်မူတွေနဲ့က လုံးဝဆန့်ကျင်တဲ့ဟာတွေက တော်တော်များနေလို့ ထွက်ရခြင်းတစ်ခုလည်း ကျွန်တော် ပြောချင်ပါတယ်။

မေး အန်ကယ်ပြောသွားပုံအရ ပါတီအတွင်းရေးမှူး အဖွဲ့ဝင်တွေ NLD ပါတီ ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည် တောင်ကြီးမှာ တွေ့ဆုံပွဲမှာ ပြောကြားချက်တွေကို အန်ကယ့်အနေနဲ့ သဘောမကျတာတွေရှိတဲ့ သဘောပေါ့နော်။

ဖြေ ဒီဟာကတော့ အဓိကပဲလေ။ ကျွန်တော်တို့ကတော့ ဘာမှ သူတို့ NLD ဆီမှာလည်း တောင်းဖို့ မလိုဘူး။ ကျွန်တော်တို့ မူက ရှိပြီးသားပဲ။ ရှမ်းတွေက ရှမ်းပြည်အတွက်ပဲ၊ ရှမ်းလူမျိုးတွေအတွက်ပဲ လုပ်ကြမှာပဲလေ။ အခုတော့ ဒီလို သူတို့နောက် လိုက်လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးဗျ။ ကျွန်တော် တောင်ကြီး တက်လာတုန်းက ကျွန်တော့်ကို လာနှုတ်ဆက်တယ်။ လာမေးတယ်။ အေး ငါတော့ နဂိုက ပြောပြီးသား။ ငါတို့မူက လွဲလို့ လုပ်ဖို့ မရှိဘူးလို့။ မင်းတို့လုပ်ချင်တဲ့မူနဲ့ မင်းတို့လုပ်သွားတော့။ ငါတို့ကလည်း ရှင်းရှင်းပြောရင် အထူးသဖြင့် ကျွန်တော်တို့ဥက္ကဋ္ဌအဖွဲ့အနေနဲ့ကတော့ ဒါကို လက်မခံနိုင်ဘူးလို့ ဗြောင်ပဲ ပြောလိုက်တာပဲလေ။ တစ်ခုရှိတာက ဘာဖြစ်သွားလဲဆိုတော့ ခုနကျွန်တော်ပြောသလိုပေါ့။ ထင်ရှားမှုကတော့ ကို(စိုင်း) ညွန့်လွင် ပြောတဲ့ဟာနဲ့ သူတို့ ဒီမှာ သွားပြောတဲ့ဟာနဲ့ ဘယ်လိုမှ မဖြစ်တော့ဘူး။ နောက်ပြီး ဒီကိစ္စတွေက သူတို့ဆီက တောင်းဖို့မလိုဘူးဗျ။ တစ်ချို့ဟာတွေက တောင်းလာတယ်။ တစ်ချို့ဆိုတာ သူတို့ပြောတာပဲ ကယားကိစ္စမှာလည်း သွားလုပ်ပေးနိုင်တယ်ဆိုတာလည်း အဲဒါလည်း ပြောတဲ့သူလည်းရှိတယ်။ နောက်ပြီးတော့ ဒုသမ္မတကို ကျွန်တော်တို့ဆီက တစ်ယောက်ကို ပေးပါဆိုတာလည်း တောင်းတဲ့သူကလည်း ရှိသေးတယ်။ ဒီဟာတွေက တောင်းစရာမလိုပါဘူးဗျာ။ ဒါကတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ် သွားကြတာပဲလေ။ ကိုယ့်အရည်အချင်းလည်း ရှိကြတာပဲလေ။ ကျွန်တော်တို့က အကယ်၍ တန်းတူရည်တူ ပြောမယ်။ တန်းတူရည်တူဆိုကြမယ်။ နောက်ပြီးတော့ ပင်လုံစာချုပ်အရ တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုုင်ခွင့် ဆိုတာ အတိအကျ ရှိနေပြီးသား။ အဲဒါတွေရှိနေလို့လည်း ကရင်နီထဲမှာဆိုရင် အခုခြောက်ဖွဲ့လောက်တောင် ရှိနေပြီ။ ရှိပါလျက်နဲ့ ကျွန်တော်တို့ဆီက ပါတီကြီးတစ်ခုက အဲဒီလိုသွားပြီးတော့ ဒါတွေကို တောင်းမယ်။ ဒါတွေကို လုပ်မယ်ဆိုတာတော့ လုံးဝ လက်မခံဘူး။ တစ်အချက်ပဲ။

နှစ်အချက်က ဘာလဲဆိုတော့ အခုဖြစ်နေတဲ့ကိစ္စတွေမှာ ဒီဟာတွေဟာ တိုင်းရင်းသားတွေအားလုံးရချင်တဲ့ ပင်လုံစာချုပ်ကြီးရဲ့ ဖြစ်ပေါ်နေတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့ လက်ခံတယ်လေ။ ပင်လုံစာချုပ်ကြီးအတိုင်းလည်း မလုပ်ဘဲနဲ့ ဒီလိုပဲ ဆက်သွားနေမယ်။ သဘောကလည်း တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အမှန်ဆိုရင်တော့ ဒီထက်ဆက် ပြောရရင်တော့ ၂၀၀၈ က ကျွန်တော်တို့အတွက် အဆိုးဆုံးပဲ။ ရှမ်းတွေလည်း မကဘူး။ ရှမ်းပြည်အတွက်ပါ အဆိုးဆုံးဖြစ်သွားပြီ။ အခုက။ ၂၀၀၈ ကြောင့်ပဲ တိုင်းပြည်က တိုင်းပြည်က အခြေအနေဘယ်လိုဖြစ်သွားပြီလဲ။ တစ်ချို့ဟာတွေလည်း တောင်းနေပြီ။ ပြည်နယ် တစ်ခုတောင် တောင်းနေပြီ။ နောက်ပြီးတော့ အခု တစ်ခြားလူတွေလည်း ငယ်ငယ်လေးနဲ့ ကိုယ့်ပြည်တစ်ပြည် တည်ထောင်ချင်နေပြီ။ အဲဒါ ၂၀၀၈ အခြေခံဥပဒေကြောင့်ဖြစ်ရတာ။ ၂၀၀၈ ကြောင့်လည်း ကျွန်တော်တို့က ခုနစ်နှစ် ရှစ်နှစ်လောက် ထောင်ထဲကို ရောက်သွားတယ်။ ကျွန်တော်တို့ ဦးဆေထင်တို့၊ ဦး (စိုင်း) ညွန့်လွင်တို့။ ၂၀၀၈ ကို ကျွန်တော်တို့က လက်မခံဘူး။ လုံးဝလက်မခံဘူး။ မတရားဘူး။ ပေးပြန်တော့လည်း ရှမ်းပြည်ကိုပဲ ဖဲ့ပြီး ပေးတဲ့သဘောမျိုးဖြစ်နေတယ်။ အခု တိုက်ကြခိုက်ကြလည်း ဖြစ်လာကုန်ပြီ။ ရှမ်းတပ်တွေနဲ့လည်း အခြားတပ်တွေနဲ့လည်း စစ်တိုက်နေတာပဲ။ ၂၀၀၈ ကို မပြင်မချင်းလည်း ကျွန်တော်တို့က အခုထက်ထိ မလိုလာဘူး။ ဒါကို ပြောလို့ ဖမ်းချင်လည်း ဖမ်းဦးတော့ ကိစ္စ မရှိတော့ဘူး။ ၂၀၀၈ ကို မပြင်မချင်း ဒီတိုင်းပြည်က အများကြီးရှေ့ရောက်ဖို့လည်း ခက်ခဲမယ်။ ပြဿနာတွေကလည်း ပိုများသထက် ပိုများလာလိမ့်မယ်။ မယုံရင်ကြည့်။ ကျွန်တော့်တို့က နယ်စပ်နယ်မြေနေတာ။ တိုင်းရင်းသားတွေက ပြည်မကြီးကို ၀ိုင်းနေတာ။ တိုင်းရင်းသားတွေ ပြည်မကြီးကို ၀ိုင်းနေတာကိုသိလျက်နဲ့ NLD ကိုမှ သွားပြီးတော့ ထောက်ခံမယ်။ ပေါင်းပြီးလုပ်မယ်ဆိုတာတော့ ရှင်းရှင်းပြောရင် အင်မတန်ဦးနှောက် သေးသိမ်တဲ့ပုဂ္ဂိုလ်တွေလို့ ပြောရမယ်။ ကျွန်တော်တို့ ဒီလောက် ခံနေရပြီ။ ကျွန်တော်တို့ မြေလည်းပေးနေရပြီ။ အဲဒါတောင်မှ ကျွန်တော်တို့က သွားပြီးတော့ NLD နဲ့ လုပ်မယ်ဆိုတာတော့ ခင်ဗျားတို့ စဉ်းစားကြည့်ပေ့ါဗျာ။ ပလောင်လည်း သူ့ရသွားပြီ ဧရိယာ သူ့ဟာနဲ့ သူပဲ။ ပအိုဝ့်လည်း သူရသွားပြီ။ နောက်ဘယ်သူ့ကို ပေးဦးမလဲ။ ရှမ်းနယ်မြေတွေ ယူသွားတာကြီးပဲ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရင်။ ကျွန်တော့်အနေနဲ့ကတော့ ဆက်လုပ်ဖို့ကလည်း ကျွန်တော်လုပ်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က အလကားဖြစ်သွားမှာစိုးလို့ မရှုပ်ခင် ထွက်သွားတာလဲပါတယ်ဗျ။

မေး အန်ကယ့်အနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလအပါအဝင် ယခုအကြိမ်နဲ့ဆိုရင် ပါတီကနေ နုတ်ထွက်ကြောင်း ကြေညာတာ သုံးခါမြောက်လို့ သိရတယ်။ အရင်အကြိမ်တွေ နုတ်ထွက်မှုမှာ ပါတီက ပြန်လည်ဆောင်ရွက်ပေးဖို့ တောင်းဆိုတော့ ပြန်လုပ်ပေးခဲ့တာရှိတော့ အခုပါတီဘက်က ဆက်လက် ဦးဆောင်ဖို့ တောင်းဆိုမှုရှိလာရင်ရော ဘယ်လိုစဉ်းစားထားလဲ။

ဖြေ ကျွန်တော်က အဲဒီလို လူစားမျိုးမဟုတ်ပါဘူး။ ကျွန်တော်က ကတိတည်ပါတယ်။ ဘာပဲပြောပြော ဘာမှမလိုပါဘူး။ နောက် ထပ်အဖွဲ့တစ်ခု နှစ်ခုလောက်က ဥက္ကဋ္ဌကြီးတို့ နာယကကြီးတို့ လာပေးတာပဲ။ တစ်ချို့ဟာတွေလည်း ကျွန်တော် လုပ်ပေးတယ်။ နာယကအနေနဲ့။ ဒါပေမဲ့ ဒီဟာကြီးကတော့ ဘာကြီးပဲလာပေးပေး ယူမဲ့သူလည်း မဟုတ်ဘူး။ တစ်ပြားတစ်ချပ်မှလည်း နိုင်ငံရေးလုပ်ခဲ့တာ ဘယ်သူ့ဆီကမှလည်း မယူဘူး။ အစိုးရဆီက လည်းမယူဘူး။ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ကျွန်တော်လုပ်ခဲ့တာပဲ။ ကျွန်တော်ထွက်ချင်တဲ့အခါ ပြောပြီးသားပဲ။ သူတို့ကိုလည်း ပြောပြီးသားပဲ။ အရင်တုန်းကလည်း ထွက်မယ်ဆိုတာ ပြောပြီးသားပဲ နှစ်ခါလောက်ရှိပြီ။ ကျွန်တော်တို့ရဲ့ SNLD အခြေအနေက ဘယ်လိုလဲဆိုရင် နောက်ကျားတွေ ဘယ်နှစ်ကောင် ပွားလာမယ်၊ ထွက်ဦးမယ်ဆိုတာလဲ ပြောလို့ မရသေးဘူး။ ကျားဖြူက ထွက်ပြီ။ ကျားဖြူ ဘက်က ခုန်လာတာတွေ ဘာတွေ ရှိတယ်။ ဒီဟာတွေ ဘာမှမသိဘဲနဲ့ တစ်ချို့ လုပ်နေတယ်ဆိုတော့ ဒီဝင်လာတဲ့သူတွေက ပြန်ထွက်ဖို့လည်း ကျွန်တော်တို့က မှန်းလို့ ရနေပြီ။ ကျားနဲ့ပတ်သက်တဲ့ ရှမ်းပြည်က အဖွဲ့တွေလည်း အများကြီးထွက်လာနိုင်သေးတယ်။ နောက်ပြီးတော့ ရှမ်းပြည်ကို ခွဲပေးတဲ့ကိစ္စမှာလည်း နောက်ထပ်လက်နက်ကိုင်ရှမ်းအဖွဲ့တွေလည်း အများကြီးပြန်ပြီးတော့ ထွက်လာနိုင်သေးတယ်လို့ ကျွန်တော် အဲဒါလေး ပြောချင်တယ်။

မေး ဒါဆို လက်ရှိမှာ အန်ကယ့်အနေနဲ့ SNLD ပါတီနဲ့ လုံးဝကင်းကွာသွားပြီ။ နုတ်ထွက်လိုက်ပြီလို့ ယူဆရမှာပေါ့။

ဖြေ ထွက်ပြီးပြီ။ ခေါ်လည်း ကျွန်တော် မသွားတော့ဘူး။ ဘယ်သူ့ခေါ်ခေါ်။ အစိုးရပဲ ခေါ်ခေါ် မခေါ်ခေါ် ကျွန်တော် မပြောတတ်ဘူး။ ဘာမှ မလုပ်တော့ဘူး။ ကျွန်တော့်အသက် ၇၈ နှစ်ရှိပြီ။ အဲဒီတော့ အေးအေးလူလူပဲ နေချင်တယ်။ တိုင်းပြည်အတွက် ရှမ်းလူမျိုးတွေအတွက်လည်း လုပ်ပေးပြီးပြီဆိုတာ ကျွန်တော် ဆိုလိုချင်တာပါ။ သူတို့ဆီကလည်း ငွေတစ်ပြားမှလည်း ကျွန်တော် မယူပါဘူး။ ကျွန်တော်စရိတ်နဲ့ပဲ ဒီလိုဖြစ်နေတာ။ အခုကိစ္စကတော့ ငွေရေးကြေးရေးကိစ္စလည်း ကျွန်တော် တော်တော်ရင်လေးတယ်။ ဒီငွေတွေ ရလာတာ ဘယ်ကရလာလဲ ကျွန်တော်က အဲဒါတွေက ကျွန်တော်နဲ့ မကင်းဘူးဆိုရင် ပိုဆိုးမှာစိုးလို့ ကင်းကင်းရှင်းရှင်းနေပြီးတော့ ငွေနဲ့ ဘာမှပတ်သက်မှုမရှိဘူး။ အဲဒါတော့ အချိန်မရွေး လာမေးလို့ရတယ်။ အချိန်မရွေး လာစစ်လို့ရတယ်။ ဒါတွေက ကျွန်တော့်အကျင့်လည်း မဟုတ်ဘူး။ တကယ်ကို တိုင်းပြည်ကို ချစ်လို့ လုပ်ခဲ့တာလည်း နှစ်ပေါင်း ၃၀ ကျော်တယ်။ ဘယ်သူပဲ လာပြောပြော ဘယ်သူပဲ လာခေါ်ခေါ် မလုပ်နိုင်တော့ဘူး။ လုပ်ပေးသင့်သလောက် လုပ်ပြီးပြီ။

မေး အန်ကယ် ခွန်ထွန်းဦးမရှိတော့မယ့် SNLD ပါတီကို ဘာတွေများ အကြုံပြချင်ပါသလဲ။

ဖြေ ကျွန်တော်ထင်တာတော့ ဒီအတိုင်းပဲ ပါတီကို အရင်မူအတိုင်းပေါ့ဗျာ။ စုပေါင်းပြီးတော့ လုပ်သွားမယ်။ စုပေါင်းဆွေးနွေးမယ်။ အဲဒါဆိုရင်တော့ရမယ်။ မဟုတ်ဘဲနဲ့ ဒီအဖွဲ့ တစ်ဖွဲ့တည်းကို အာဏာပေးတယ်။  အာဏာပေးပြီးတော့ အဖွဲ့ကလည်း ပေးတဲ့အာဏာက တစ်မျိုးလုပ်တာက တစ်မျိုး အဲဒါများနေလို့ အခုက ပြဿနက အဲဒီလိုဖြစ်နေတာဗျ။ တစ်ချို့ကိစ္စတွေက ဥက္ကဋ္ဌအဖွဲ့တောင် မသိဘူးဖြစ်နေတာ။ အဲဒီဟာတွေက ပိုဆိုးတယ်။ အဲဒီတော့ ၀ိရောဓိတွေလည်းရှိတယ်။ တပည့်တပန်း မွေးတယ်။ ဆရာမွေးတယ်။ အဲဒါတွေကလည်း ရှိနေတယ်။ အဲဒါကြောင့် SNLD က တော်တော်လေး ပြုပြင်ရမယ်။ အကယ်၍ မပြုပြင်ဘူးဆိုရင် ကျွန်တော် ခုနပြောသလိုပေါ့။ ကွဲပြဲကုန်ပြီးတော့ ဒီထက်ပိုဆိုးသွားဦးမယ်။

Most Read

Most Recent