“ကိုယ်ကျိုးမဖက် ပြည်သူ့အတွက်လို့ ရေးတာထက် ပြည်သူမပါ ကိုယ့်အတွက်သာလို့ ရေးဖို့ပဲ ပိုကောင်းပါတယ်”
ဆိုင်ရယ်ကွန်နိုလီ (၁၉၀၃ - ၁၉၇၄)
အင်္ဂလိပ် စာရေးဆရာနှင့် ဝေဖန်ရေးဆရာ
အီလစ်ဆန့်ကျင်ရေးကို ပေါ်ပြူလစ်ဇင်ဟု ခေါ်သည့် လူကြိုက်များရေးဝါဒ၏ အချက်အချာ လက္ခဏာရပ်အဖြစ် သတ်မှတ်ကြသည်။ လူကြိုက်များရေးဝါဒီတို့၏ အလိုအရ အီလစ်တို့၏ ကွဲပြားခြားနားသော အဓိကလက္ခဏာမှာ ပြည်သူများနှင့် ပဋိပက္ခ အသွင်ဆောင်သော ဆက်ဆံရေးရှိခြင်းပင် ဖြစ်သည်။ လူကြိုက်များရေး ၀ါဒီတို့သည် နိုင်ငံရေး အီလစ်များကိုသာမက စီးပွားရေးအီလစ်၊ ယဉ်ကျေးမှုအီလစ်နှင့် မီဒီယာအီလစ်များကိုပါ ပြစ်တင်ရှုတ်ချလေ့ရှိသည်။ လူကြိုက်များရေးဝါဒီတို့က အီလစ်များကို အဂတိလိုက်စားသည့် မျိုးတူအုပ်စုများဟု ဖော်ပြလေ့ရှိကြသည်။ လစ်ဘရယ်ဒီမိုကရေစီ ကျင့်သုံးသည့်အခါ လွှမ်းမိုးကြီးစိုးထားသည့် နိုင်ငံရေးပါတီများကို အီလစ်တစ်စိတ်တစ်ပိုင်းအဖြစ် လူကြိုက်များရေးဝါဒီတို့က ရှုတ်ချလေ့ရှိကြသည်။ သို့သော် အဆိုပါ ပါတီတို့၏ နိုင်ငံရေး စနစ်ကိုမူ တစ်ပါတည်း ရှုတ်ချလေ့မရှိဘဲ ယင်းအစား ပါတီအမျိုးအစားသစ်တစ်ရပ်ကိုသာ တောင်းဆိုလေ့ရှိကြသည်။
သို့သော် လူကြိုက်များရေးဝါဒီများက အစိုးရအာဏာကို ရရှိသည့်အခါ ၎င်းတို့ကိုယ်တိုင် အီလစ်အသစ်များ ဖြစ်လာသည့် အနေအထားနှင့် ရင်ဆိုင်ရသည်။ ဥပမာအားဖြင့် ဗင်နီဇွဲလားမှ ဟူဂိုးချာဗက်နှင့် ဆလိုဗက်ကီးယားမှ ဗလာဒီမာမက်ဆီယာတို့ ဖြစ်ကြသည်။ လူကြိုက်များရေးဝါဒီတို့သည် ၎င်းတို့၏ အနေအထားသစ်များနှင့် ကိုက်ညီစေရန် အီလစ်နှင့် ပတ်သက်သော ၎င်းတို့၏ သဘောထားကို ပြောင်းလဲပစ်လိုက်ခြင်းဖြင့် အီလစ်ဆန့်ကျင်ရေးဟု ဆိုခဲ့သည့် ၎င်းတို့၏ စကားများကို ပြန်လည်ထိန်းသိမ်းတတ်ကြသည်။ သူတို့က တကယ့်အာဏာအစစ်ကို အစိုးရက ချုပ်ကိုင်ထားနိုင်သည် မဟုတ်ဘဲ လူကြိုက်များရေး ၀ါဒီအစိုးရကို ဆက်လက်လှိုက်စား ဖြိုဖျက်နေသည့် အခြားသြဇာကြီး အင်အားစုများနှင့် ပြည်သူတို့၏ဆန္ဒကိုယ်နှိုက်က ချုပ်ကိုင်ထားခြင်းသာ ဖြစ်သည်ဟု ဆင်ခြေပေးတတ်ကြသည်။ ယင်းကဲ့သို့သော အနေအထားမျိုး၌ လူကြိုက်များရေးဝါဒီ အစိုးရအဖွဲ့များသည် အီလစ်များကို စီးပွားရေးအာဏာကို ချုပ်ကိုင်ထားသူများအဖြစ် အဓိပ္ပာယ်ဖွင့်ကြပြန်သည်။ ဥပမာအားဖြင့် ဗင်နီဇွဲလားတွင် ချာဗက်က သူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား ကဖျက်ယဖျက်လုပ်နေသူများဟု စီးပွားရေးအီလစ်များကို အပြစ်တင်ခဲ့သည်။ ဂရိနိုင်ငံတွင် လက်ဝဲယိမ်း လူကြိုက်များရေးဝါဒီ ဝန်ကြီးချုပ် အဲလက်ဆစ်ဆီးပရက်စ်က သူ၏ အစိုးရအဖွဲ့ကို လှိုက်စားဖျက်ဆီးနေသူများအဖြစ် လော်ဘီဝါဒီများနှင့် လူနည်းစု အခွင့်ထူးခံများကို စွပ်စွဲခဲ့သည်။
အနေအထားအမျိုးမျိုးတွင် လူကြိုက်များရေးဝါဒီတို့က အီလစ်များသည် နိုင်ငံတော်၏ အကျိုးစီးပွားကို ဆန့်ကျင်လုပ်ဆောင်နေသည်ဟု အခိုင်အမာ ပြောကြားလေ့ရှိသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂတွင် လူကြိုက်များရေးဝါဒီ အုပ်စုအမျိုးမျိုးက ၎င်းတို့နိုင်ငံ၏ နိုင်ငံရေးအီလစ်များသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို ကျော်လွန်ကာ ဥရောပသမဂ္ဂ သက်သက်၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည်ဟု စွပ်စွဲကြသည်။ အလားတူစွာပင် လက်တင်အမေရိက၌ လူကြိုက်များရေး ၀ါဒီများသည် နိုင်ငံရေး အီလစ်များအား မိမိတို့ နိုင်ငံ၏ အကျိုးစီးပွားထက် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားကို ဖော်ဆောင်ရာ၌ ကျွမ်းကျင်သူများဟု စွပ်စွဲကြသည်။ လူကြိုက်များရေးဝါဒီများ (အထူးသဖြင့် ဥရောပ) ၏ အသုံးများသော အခြားနည်းဗျူဟာတစ်ရပ်မှာ မိမိတို့ဒေသခံ လူထုထက် ရွှေ့ပြောင်းအခြေချသူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နေသည်ဟု အီလစ်များကို စွပ်စွဲခြင်းဖြစ်သည်။ ယင်းအနေအထား၌ လူကြိုက်များရေးဝါဒီတို့သည် ဂျူးဆန့်ကျင်ရေးဝါဒီများ ဖြစ်လာတတ်သည်။ ၎င်းတို့က အီလစ်များသည် မိမိတို့နိုင်ငံသားများထက် အစ္စရေးကို ဦးစားပေးကာ ဂျူးအကျိုးစီးပွားကို ဖော်ဆောင်နေသူများဟု စွပ်စွဲကာ အီလစ်များအား အမျိုးသားရေး သစ္စာဖောက်များအဖြစ် ပုံဖော်တတ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ အီလစ်ဆန့်ကျင်ရေးဟု ကြွေးကြော်ကာ အာဏာရလာသူများအနေဖြင့် အီလစ်အသစ်များဖြစ်လာကာ စကားလုံးများဖြင့် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်နေမည့်အစား လူထုအကျိုးစီးပွားကိုသာ ထိရောက်စွာ ဖော်ဆောင်ပြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇန်နဝါရီ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်