NLD ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးကိစ္စကို ဆောင်ရွက်မည်ဆိုပါက တိုင်းနှင့်ပြည်နယ်အချို့ရှိ ဝန်ကြီးချုပ်နေရာကို ခြွင်းချက်ထားရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ဇန်နဝါရီ ၂၁ ရက်တွင် လာမည့်အစိုးရသက်တမ်း တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရ NLD ပါတီကသာဖြစ်ရန်များကြောင်း ပြောကြားမှုအပေါ် SNLD ပါတီ တာဝန်ရှိသူက အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
“ပုဒ်မ၂၆၁ ရဲ့ သဘောသဘာဝကိုကြည့်မယ်ဆိုရင် အမျိုးသားညီညွတ်ရေးကိစ္စကို လုပ်ဆောင်မယ်ဆိုရင်တော့ အကုန်လုံး NLD ဆိုတာထက် ဘယ်လိုနေရာမျိုးကတော့ ခြွင်းချက်ထားပြီး သမ္မတအမိန့်နဲ့ သဘောဆန္ဒနဲ့ လုပ်လို့ရနေတာပဲလေ။ အဲဒီတော့ အမျိုးသားညီညွတ်ရေးကိစ္စကို အဓိကထားမလား၊ သူတို့ရဲ့နိုင်ငံရေး စိုးရိမ်ချက်အရ ဒီအတိုင်းဆက်သွားမလားဆိုတာတော့ NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါလိမ့်မယ်ဗျ” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် ဦးစိုင်းလိတ်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အရ တိုုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တာဝန်ပေးအပ်နိုင်သည်။
ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရ ဝန်ကြီးချုပ်မှာ အစိုးရဖွဲ့ခွင့်ရသူမှပေးခြင်းဖြစ်ရာ NLD ပါတီမှာ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့၍ ဝန်ကြီးချုပ်သည်လည်း NLD ပါတီမှသာ ဖြစ်ရန်များကြောင်း NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ဇန်နဝါရီ ၂၁ ရက်က မန္တလေးမြို့ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံးတွင်ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများ ဂုဏ်ပြုပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
NLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်လွှတ်တော်တို့တွင် ကိုယ်စားလှယ်အနည်းငယ်သာအနိုင်ရပြီး လွှတ်တော်ကိုလွှမ်းမိုးနိုင်သည့်အနေအထားမရှိသော်လည်း အခြေခံဥပဒေပုဒ်မ ၂၆၁ အရ NLD ပါတီကိုယ် စားလှယ်ကိုသာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။
အလားတူ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ NLD ပါတီသည် ရခိုင်ပြည်နယ်တွင် နေရာအနည်းစုသာ အနိုင်ရခဲ့သလို ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်း တစ်ဖက်ပါတီများနှင့် အနိုင်ရလဒ် ကျဉ်းမြောင်းသော်လည်း ဒေါက်တာဇော်မြင့်မောင်ပြောကြားမှုအရ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များမှာ NLD ပါတီမှသာ ဖြစ်ဖွယ်ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒနယ်အများစုအနိုင်ရသည့်ပါတီမှ တိုင်းနှင့်ပြည် နယ်ဝန်ကြီးချုပ်များကို ခန့်အပ်ခြင်းအပေါ် စောဒကတက်နိုင်သည့်အနေအထားမရှိသော်လည်း အခြေခံဥပဒေကိုပြင်ဆင်မည်ဟု ကြွေးကြော်ထားသည့်ပါတီအနေဖြင့် နိုင်ငံရေးလိုအပ်ချက်ရှိလာချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အားသာချက်ကို ပြန်လည်အသုံးချခြင်းက ရှေ့နောက်ညီညွတ်မှုမရှိဟု NLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
“၂၀၀၈ ကိုပြင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ရွေးကောက်ပွဲဝင်လာတဲ့ ပါတီတွေကြီးပဲ။ အဲဒီထဲမှာ NLD ဆိုရင်လည်း သူ့ရဲ့ ရွေးကောက်ပွဲကြွေးကြော်သံမှာလည်း ၂၀၀၈ ပြင်ပါမယ် ပြောတယ်ပေါ့နော်။ ၂၀၀၈ ပြင်ဖို့ကိစ္စကို ဘယ်လိုအခန်းကဏ္ဍမှာ ပြင်လို့ရနိုင်တယ်ဆိုတာက စပြီးပြင်ဖို့လိုအပ်တာပေါ့။ ဥပမာ ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့ ကိစ္စ။ သူတို့အနေနဲ့ ၂၀၀၈ ကိုပြင်မယ်လို့ လူထုကို Message ပေးချင်တယ်။ တိုင်းရင်းသားအစုအဖွဲ့တွေကို အမှန်တကယ်ပေးချင်တယ်ဆိုရင် လုပ်လို့ရနေတာပဲလေ။ ၂၀၀၈ ကို အကာအရံသဘောမျိုး အသုံးပြုပြီးတော့မှ နောက်ကွယ်ကနေ ကိုယ့်ရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်ဆည်းနေတာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့ဗျာ” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
NLD ပါတီမှ တိုင်းရင်သားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့သည် SNLD ပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် သုံးဦးနှင့် ဇန်နဝါရီ ၁၅ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ NLD ပါတီရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံမှုတွင် SNLD ပါတီ အနေဖြင့် NLD ပါတီနှင့် ပြည်ထောင်စုအရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပါတီကို ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့တွင် တာဝန်ပေးအပ်မည်ဆိုပါက လက်ခံဆောင်ရွက်ရန် အသင့်ရှိကြောင်း SNLD ပါတီတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်းသိရသည်။















