၂၀၂၀ နိုဝင်ဘာလအတွင်း COVID-19 ဒုတိယလှိုင်းကြောင့် ကားအရောင်းပြခန်းများနှင့် ကားထုတ်လုပ်မှု စက်ရုံများ ပိတ်ထားရသည့်အတွက် Brand New ကားသစ်ရောင်းချရမှုနှင့် ထုတ်လုပ်မှု တစ်စီးမျှမရှိ

၂၀၂၀ နိုဝင်ဘာလအတွင်း COVID-19 ဒုတိယလှိုင်းကြောင့် ကားအရောင်းပြခန်းများနှင့် ကားထုတ်လုပ်မှု စက်ရုံများ ပိတ်ထားရသည့်အတွက် Brand New ကားသစ်ရောင်းချရမှုနှင့် ထုတ်လုပ်မှု တစ်စီးမျှမရှိ
ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် ကားသစ်များ အရောင်းမြှင့်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် ကားသစ်များ အရောင်းမြှင့်တင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 21 January 2021
စည်သူအောင်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် မြန်မာနိုင်ငံ၌ ကားအရောင်းပြခန်းနှင့် ကားထုတ်လုပ်မှုစက်ရုံများ ပိတ်ထားရသည့်အတွက် Brand New ကားသစ် ရောင်းချမှုနှင့် ထုတ်လုပ်မှု တစ်စီးမျှ မရှိခဲ့ကြောင်း ASEAN Automotive Federation မှ ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

အာဆီယံစျေးကွက် တစ်ခုလုံးအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကားသစ်ရောင်းချမှုပမာဏ ၂၅၆၁၅၈ စီးရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကားသစ်ရောင်းချမှုပမာဏ ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် ရောင်းချမှု လုံးဝမရှိ၍ ကျဆင်းမှုနှုန်း ၁၀၀ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်ကာလတူထက်  အစီးရေ ၉၂၉၉ စီး၊ ရာခိုင်နှုန်းအားဖြင့် ၁၁၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်း ကားစီးရေ ၁၇၅၂၄ စီး ရောင်းချခဲ့ရသည်။

မြန်မာစျေးကွက်၌ ၂၀၁၉ ခုနှစ်တွင် ၂၀၁၈ ခုနှစ်ထက် ၄၃၉၂ စီး ပိုမိုရောင်းနိုင်ခဲ့ကာ ကားသစ်စီးရေ ၂၁၉၁၆ စီး (တိုးတက်မှုနှုန်း ၂၅ ဒသမ ၁ ရာခိုင်နှုန်း) ရောင်းချနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ကားသစ်စီးရေ ၂၀၃၄ စီး၊ ဖေဖော်ဝါရီတွင် ၂၂၈၆ စီး၊ မတ်တွင် ၁၉၇၉ စီး ရောင်းချနိုင်ခဲ့ပြီး ဧပြီတွင် COVID-19 ပထမလှိုင်းကြောင့် ကားအရောင်းပြခန်းများ ပိတ်ထားခဲ့ရသည်။ မေတွင် ၁၂၅၃ စီး၊ ဇွန်တွင် ၁၉၈၅ စီး၊ ဇူလိုင်တွင် ၂၂၅၈ စီး၊ သြဂုတ်တွင် ၂၂၃၈ စီး ရောင်းချနိုင်ခဲ့သည်။

COVID-19 ဒုတိယလှိုင်းကြောင့် စက်တင်ဘာလအတွင်း လတစ်ဝက်ခန့်သာ ကားအရောင်းပြခန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၁၁၂ စီးသာ ရောင်းချနိုင်ကာ အောက်တိုဘာနှင့် နိုဝင်ဘာတွင် ကားအရောင်းပြခန်းများ ထပ်မံပိတ်ခဲ့ရခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီး ရောင်းချခဲ့ရပြီး မြန်မာအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ၂၀၁၇ ခုနှစ်အတွင်း ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ၊ ၂၀၁၈ ခုနှစ်တွင် ကားသစ်စီးရေ ၁၇၀၀၀ ကျော်အထိ ရောင်းချခဲ့ရကာ ၂၀၁၉ ခုနှစ်အတွင်း ကားသစ်စီးရေ ၂၂၀၀၀ နီးပါးအထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။ ကားသစ်များ ရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာစျေးကွက်သည် ထွန်းသစ်စ စျေးကွက်တစ်ခု ဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက် မြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံတွင် ကားသစ်ထုတ်လုပ်မှု ပမာဏတိုးတက်မှု ဆက်တိုက် ဖြစ်ပေါ်နေသော်လည်း COVID-19 ကာလတွင် ကားတပ်ဆင် ထုတ်လုပ်မှုများ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၅၉ စီး၊ ဖေဖော်ဝါရီတွင် ၁၃၈၈ စီး၊ မတ်တွင် ၁၂၁၄ စီး ထုတ်လုပ်နိုင်ခဲ့ပြီး ဧပြီတွင် COVID-19 ပထမလှိုင်းကြောင့် ကားထုတ်လုပ်မှုစက်ရုံများ ပိတ်ထားခဲ့ရသည်။ မေတွင် ၇၀၃ စီး၊ ဇွန်တွင် ၁၃၁၃ စီး၊ ဇူလိုင်တွင် ၁၄၃၈ စီး၊ သြဂုတ်တွင် ၁၅၅၈ စီး ထုတ်လုပ်နိုင်ခဲ့သည်။ COVID-19 ဒုတိယလှိုင်းကြောင့် စက်တင်ဘာတွင် လတစ်ဝက်ခန့်သာ စက်ရုံများ လည်ပတ်နိုင်ခဲ့ပြီး ၁၅၈၇ စီးသာ ထုတ်လုပ်နိုင်ကာ အောက်တိုဘာနှင့် နိုဝင်ဘာတွင် COVID-19 ဒုတိယလှိုင်းကြောင့် ကားထုတ်လုပ်မှု စက်ရုံများ ထပ်မံပိတ်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင် ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသ တစ်ခုလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်မှု ရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၃၂၀ ကျော်၊ ၂၀၁၈ ခုနှစ်တွင် ရာခိုင်နှုန်း ၁၅၀ နီးပါး၊ ၂၀၁၉ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။

အာဆီယံစျေးကွက် တစ်ခုလုံး အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ကားသစ်တပ်ဆင် ထုတ်လုပ်မှု ၃၂၅၂၄၂ စီးရှိပြီး ယခင်နှစ် ကာလတူထက် ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် စက်ရုံများ ပိတ်ခဲ့ရခြင်းကြောင့် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားသစ်စီးရေမှာ ၄၉၃၀ ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီး ပိုမိုကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင်လည်း ကားစီးရေ ၁၂၂၉၂ စီး တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၇၃၆၂ စီးပိုမိုကာ တိုးတက်မှုနှုန်း ၁၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်လည်း ကားစီးရေ ၁၅၄၉၆ စီး တပ်ဆင် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထက် ၃၂၀၄ စီး ပိုမိုကာ တိုးတက်မှုနှုန်း ၂၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။