Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ အစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ နေရာညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ အဖွဲ့ဝင်ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ KIA၊ တအာင်းအဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA၊ ရခိုင်အဖွဲ့ AA တို့အကြား Bilateral လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်သည့် တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာတွင် အစိုးရဘက်က မြောက်ပိုင်းလေးဖွဲ့ထံ အဆိုပြုထားသည်။
အစိုးရဘက်က မြောက်ပိုင်းလေးဖွဲ့ထံ အဆိုပြုရာတွင် မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တို့တွင်ပြုလုပ်ရန် အဆိုပြုထားကြောင်း သိရသည်။
“အစိုးရဘက်ကတော့ မြစ်ကြီးနားနဲ့ ကျိုင်းတုံလို့ပြောတာလေ။ အဲဒီအပေါ်မှာ မြောက်ပိုင်းအဖွဲ့တွေက ဘယ်နေရာဆိုတာ သူတို့လည်း ဆွေးနွေးဆဲပဲရှိသေးတယ်။ အတိအကျ မသိရသေးဘူး” ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။
အစိုးရနှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့တို့သည် တရားဝင်တွေ့ ဆုံမှုအဖြစ် ၂၀၁၉ ခုနှစ် စက်တင်ဘာတွွင် ကျိုင်းတုံမြို့၌ပင်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် Bilateral Ceasefire Agreement ရေးထိုးနိုင်ရန် ရည်မှန်း၍ အစိုးရဘက်မှ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော်မှ အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့သော်လည်း မြောက်ပိုင်းအဖွဲ့များဘက်မှ ဆွေးနွေးမှုများအား အဖွဲ့အသီးသီး ခေါင်းဆောင်များထံ တင်ပြရမည်ဟုဆိုကာ ရွှေ့ဆိုင်းခဲ့သဖြင့် Bilateral Ceasefire Agreement ကို ရေးထိုးနိုင်ခဲ့ခြင်းမရှိပေ။
ထို့နောက် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့အကြား တရုတ်နိုင်ငံတွင် အလွတ်သဘောတွေ့ဆုံမှုများ ဆက်လက်ပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှုများရှိသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးမှုများပြုလုပ်နေချိန် အခြားတစ်ဖက်တွင် မြောက်ပိုင်းလေးဖွဲ့အနက် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းနိုင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအား အကြောင်းပြု၍ ဂျပန်နိုင်ငံ၏ကြားဝင်ညှိနှိုင်းမှုဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းမှစတင်ကာ တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ယနေ့အထိ ရပ်တန့်နေပြီး နှစ်ဖက်ခေါင်းဆောင်များလည်း အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများရှိနေသည်။
မြောက်ပိုင်းလေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက်အစိုးရဘက်တွင် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မြောက်ပိုင်းလေးဖွဲ့၏ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
အစိုးရအနေဖြင့် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့နှင့် တစ်ဖွဲ့ချင်းအလိုက် ရေးထိုးမည်ဖြစ်ပြီး ထိုသို့တစ်ဖွဲ့ချင်း အလိုက်ဆောင်ရွက်ရာတွင် စစ်ဘေးရှောင်ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သေးသောဒေသများ ရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများလည်း ပါဝင်လာမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားထားသည်။
ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်၍ ထိရောက်ခိုင်မာသော အပစ်အခတ်ရပ်စဲရေးဖြစ်ရေးအတွက် မည်သို့လုပ်ဆောင်ကြမည်ဆိုသည့် အကြောင်းအရာသည်လည်း Bilateral Ceasefire Agreement တွင် ပါဝင်လာမည်ဖြစ်ပြီး နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်ရှားနိုင်ရေးအတွက် သဘောတူညီချက်များရရှိအောင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ သဘောတူညီချက်များကို တစ်ဖက်ဖက်က ချိုးဖောက်မှုများရှိလာခဲ့ပါက မည်သို့ဆောင်ရွက်ကြမည်ဆိုသည့် ပဋိပက္ခဖြေရှင်းရေးများသည်လည်း Bilateral Ceasefire Agreement တွင် ပါဝင်လာမည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားထားသည်။
အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် Bilateral Ceasefire Agreement ရေးထိုးပြီးပါက NCA ရေးထိုးနိုင်ရေး ညှိနှိုင်းမှုအဆင့်နှင့် ညှိနှိုင်းမှုအဆင့်ပြီးပါက NCA လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။















