မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်တို့တွင် မဲသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း သုံးသောင်းကျော် တွေ့ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့က ၂၄ ကြိမ်မြောက်ထုတ်ပြန်ခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်းစိစစ်မှုအား မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှ မြို့နယ်များ၏ စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး အပြန်အလှန်စစ်ဆေးမှု၏ စိစစ်တွေ့ရှိချက်များမှာ သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန်ပါဝင်နေသော မဲစာရင်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ ၂၄ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ရခိုမွန်ပြည်နယ်မှ မြို့နယ် ၁၀ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလဒ်ထုတ်ပြန်ချက်) ၁၈၄၇၇၈၀ ၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း(ပုံစံ-၁) ၁၈၁၉၀၉၀ ဖြစ်ပြီး မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၈၂၆၉ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်ပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (UEC မဲရလဒ်ထုတ်ပြန်ချက်) ၁၂၃၆၈၃၈၊ စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်း(ပုံစံ-၁) ၁၁၉၂၃၄၀ ဖြစ်ပြီး မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၃၂၄၇ ဖြစ်ကြောင်း စုစုပေါင်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၃၁၅၁၆ ဖြစ်ကြောင်း ဖော်ပြထားသည်။
မွန်ပြည်နယ် မြို့နယ် ၁ဝမြို့နယ်၏ မဲစာရင်းပုံစံ- ၁ တွင် သာမန်အားဖြင့် မသိနိုင်သည့် အပြန်အလှန်ပါဝင်နေသည့် မဲစာရင်းအား စစ်ဆေးရာတွင် မြို့နယ်တစ်ခုထပ်ပို၍ မဲမသမာမှုဖြစ်စေနိုင်သော ထပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် အရေအတွက်မှာ ၁၈၂၆၉ ရှိပြီး ထပ်နေသည့်ပုံစံမှာ အရေအတွက်အားဖြင့် ဘီးလင်းနှင့်ချောင်းဆုံတွင် ၆၀၊ ဘီးလင်းနှင့်ကျိူက်မရောတွင် ၈၆ ၊ ချောင်းဆုံနှင့် ကျိုက်မရောတွင် ၂၀၆၊ မုဒုံနှင့်သံဖြူဇရပ်တွင် ၁၀၅၈၊ ပေါင်နှင့် သံဖြူဇရပ်တွင် ၄၆ စသည်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်တွင် မဲစာရင်းပုံစံ(၁)တွင် သာမန်အားဖြင့် မသိနိုင်သော အပြန်အလှန်ပါဝင်သည့် မဲစာရင်းများပါဝင်ပြီး လှိုင်းဘွဲ့၊ ဘားအံ့၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ သံတောင်ကြီးမြို့နယ်တို့ကို စစ်ဆေးရာတွင် မြို့နယ်တစ်ခုထပ်ပို၍ မဲမသမာမှု ဖြစ်စေနိုင်သော ထပ်နေသည့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် အရေအတွက်မှာ ၁၃၂၄၇ ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်စစ်ဆေးမှု (Cross Check) စိစစ်တွေ့ရှိချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။















