BGF တပ်ဖွဲ့တစ်ခုလုံး နုတ်ထွက်စာတင်ထားမှု ပြန်လည်ရုပ်သိမ်းရန် လာမည့်ရက်ပိုင်းအတွင်း အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်မည်

BGF တပ်ဖွဲ့တစ်ခုလုံး နုတ်ထွက်စာတင်ထားမှု ပြန်လည်ရုပ်သိမ်းရန် လာမည့်ရက်ပိုင်းအတွင်း အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်မည်
Published 19 January 2021
ကိုရွှေသိန်း

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တစ်ခုလုံး နုတ်ထွက်စာတင်ထားမှု ပြန်လည်ရုပ်သိမ်းရန် လာမည့်ရက်ပိုင်းအတွင်း အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း BGF တပ်ဖွဲ့မှ ဗဟိုကော်မတီဝင် ဗိုလ်မှူးစောတင်ဝင်းက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်က မြိုင်ကြီးငူအထူးဒေသ BGF ၁၀၁၁ တပ်ရင်း အစည်းအဝေးခန်းမတွင် တပ်မတော်ဘက်မှ အကြီးအကဲများနှင့် BGF ဘက်မှ အကြီးအကဲများ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် လက်ရှိဖြစ်‌ပေါ်‌နေသည့် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ရယ်၊ ဗိုလ်မှူးကြီးစောချစ်သူရယ်၊ ဗိုလ်မှူးမုတ်သုန်ရယ် သုံးယောက် နုတ်ထွက်ရမယ်လို့ ညွှန်ကြားချက်ပေးတာပေါ့။ အဲဒါ ၁၀၂၂ တပ်ရင်းမှူးဗိုလ်မှူးမုတ်သုန်က (ရတခ) အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဇန်နဝါရီ ၈ ရက်က နုတ်ထွက်စာ တင်လိုက်တယ်။ ဗိုလ်မှူးကြီးစောချစ်သူနဲ့ ကျွန်တော်ကတော့ မထွက်ချင်ဘူး။ ကျွန်တော်တို့ လက်အောက်ငယ်သားတွေက ကျွန်တော်တို့ကိုမှီခိုပြီး ကျွန်တော်တို့ရဲ့အမိန့်ကိုနာခံပြီး အလုပ်လုပ်နေကြတာ။ ခေါင်းဆောင်တွေမရှိရင် သူတို့ပြိုကွဲကြဖို့ရှိတယ်။ ဒါကြောင့် ကျန်တဲ့အရာရှိအရာခံတွေပါ နုတ်ထွက်စာတင်ကြတယ်။ ဒါကို တပ်မတော်အကြီးအကဲတွေက စိတ်မကောင်းကြသလို အစုလိုက်အပြုံလိုက် နုတ်ထွက်မှာကိုလည်း လက်မခံကြဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း တပ်မတော်ရဲ့စေတနာကို နားလည်ပြီး နုတ်ထွက်မှုကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားကြတယ်။ အဲဒီအတွက်ကို လာမယ့်ရက်ပိုင်းအတွင်း အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ကြမှာပေါ့” ဟု ဗိုလ်မှူးစောတင်ဝင်းက ဆိုသည်။

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် နုတ်ထွက်စာတင်သည်ကိုလည်း အတည်မပြုသေးသည့်အတွက် နုတ်ထွက်ခြင်းမှာ အတည်မဟုတ်သေးကြောင်း၊ BGF တပ်ဖွဲ့သည် တပ်မတော် လက်အောက်ခံဖြစ်သည့်အတွက် တပ်မတော်နှင့် အစိုးရပိုင်းက တရားဝင်လုပ်ပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဗိုလ်မှူးမုတ်သုန် နုတ်ထွက်စာ တင်ထားတာကိုလည်း အတည်မပြုသေးပါဘူး။ ဒါကြောင့် ဗိုလ်မှူးမုတ်သုန် နုတ်ထွက်တာသည်လည်း အတည်မဖြစ်သေးပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အားနည်းချက်တွေရှိခဲ့တယ်။ အားနည်းချက် အားသာချက်ဆိုတာတော့ရှိတာပေါ့။ ကျွန်တော်တို့ရဲ့သမိုင်းကို ပြန်ကြည့်ရင် KNU ကနေ ခွဲထွက်ခဲ့ကြပြီး တပ်မတော်နဲ့ လက်တွဲခဲ့ကြတယ်။ အဲဒီကနေတစ်ဆင့် တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) အဖြစ် ဖွဲ့စည်းခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်။ မြဝတီနယ်စပ်မှာ အများကြီးတိုးတက်ခဲ့တယ်။ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တို့ တင်ပြခဲ့ကြတဲ့ တရားမဝင်လုပ်ငန်းတွေကို တပ်မတော်နဲ့နိုင်ငံတော်အစိုးရက တရားဝင်အောင်ဆောင်ရွက်ပေးပြီး ကျွန်တော်တို့ကို လမ်းညွှန်မှုတွေပေးပါ။ တရားဝင် ဆောင်ရွက်ခွင့်တွေရအောင် ကူညီပေးကြပါ” ဟု BGF အဖွဲ့ဗဟိုကော်မတီဝင် ဗိုလ်မှူးစောတင်ဝင်းက ပြောကြားသည်။

၎င်းတို့အနေဖြင့် ကရင်ပြည်နယ်အတွင်း တည်ဆောက်ပြီးသား ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာဖို့နှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို နယ်ခြားစောင့်တပ် (BGF) အသွင်ဖြင့်သာဆောင်ရွက်လိုကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗဟိုကော်မတီဝင် ဗိုလ်မှူးစောတင်ဝင်းက ပြောသည်။

ဗိုလ်မှူးစောတင်ဝင်းက “ကျွန်တော်တို့ ကလည်း BGF အသွင်နဲ့ပဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို တပ်မတော်နဲ့ရော၊ နိုင်ငံတော်အစိုးရနဲ့ပါ ပူးပေါင်းဆောင်ရွက်ကြမှာပါ။ တည်ဆောက်ပြီးသား ငြိမ်းချမ်းရေးကိုလည်း ပိုမိုခိုင်မာဖို့နဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ကိုလည်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent