NLD ပါတီထံမှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိသေးဟု ANP ပါတီနှင့် CNLD ပါတီပြောကြား

NLD ပါတီထံမှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိသေးဟု ANP ပါတီနှင့် CNLD ပါတီပြောကြား
Published 19 January 2021
ဉာဏ်လင်းထွန်း

ပြည်နယ်အချို့ရှိ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် NLD ပါ တီထံမှ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုမရှိသေးကြောင်း ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများဖြစ်သည့် ANP ပါတီနှင့် CNLD ပါတီတာဝန်ရှိသူများ က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ (ANP) ပါတီအနေဖြင့် တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခံရမှုမရှိသေး၍ NLD ပါတီနှင့် တွေ့ဆုံဆွေးနွေးခြင်း ရှိ၊ မရှိကို မှတ်ချက် မပေးလိုကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

“ ကျွန်တော်တို့ကတော့ လိုင်းပေါ်မှာ မီဒီယာတွေကိုဖြေတာလောက်ပဲ ကြားနေရတဲ့ အခြေအနေရှိတယ်။ ပြီးရင် ဒေါက်တာအောင်မိုးညိုကိုယ်တိုင်ကလည်း ရခိုင်ကိုလုံခြုံရေးအရ သွားဖြစ်ဖို့ အခြေအနေမရှိတဲ့  သဘောထားမျိုး မီဒီယာကိုဖြေထားတာလည်း ကြားနေရတယ်။ အဲဒါကြောင့် တွေ့ဆုံလိုစိတ် ရှိ၊ မရှိကတော့ NLD ပါတီကိုပဲ မေးရမယ်ထင်တယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲထပ်မံအနိုင်ရရှိပြီးနောက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီများထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီးနောက် ပါတီကိုယ်စားလှယ် သုံးဦးက တိုင်းရင်းသားပါတီများနှင့် ပြည်နယ်များတွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

NLD ပါတီမှတွေ့ဆုံရန် ကမ်းလှမ်းပါက လက်ခံတွေ့ဆုံမည်ဖြစ်သော်လည်း ဇန်နဝါရီ ၁၉ ရက်အထိ ကမ်းလှမ်းလာမှု မရှိသေးကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

ပြည်နယ်အချို့ရှိ အနိုင်ရတိုင်းရင်းသားပါတီများကို NLD ပါတီကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့သည့် အနေအထားအရ ရခိုင်ပါတီ၊ ချင်းပါတီနှင့် ကရင်ပါတီတို့ကို ဆက်လက်တွေ့ဆုံမည်ဟု ခန့်မှန်းရသော်လည်း လက်ရှိအထိဆက်သွယ်လာမှု မရှိသေးခြင်းအပေါ် ဝေခွဲရခက်နေကြောင်း ၎င်းက ဆိုသည်။

“သူတို့ ခေါင်းဆောင်တချို့ ပြောတာတော့ ရခိုင်ဆိုရင် လုံခြုံရေးကြောင့် သွားလာရတာခက်ခဲတယ် အကြောင်းပြတာပေ့ါ။ ဒီဘက်က ချင်းနဲ့ ကရင်ကတော့ အနိုင်ရရှိမှု နည်းတဲ့အခါကျတော့ စိတ်မဝင်စားတာလား။ ဒါမှမဟုတ် နောက်ဆုံးမှပဲညှိနှိုင်းချင်တာလားပေါ့လေ” ဟု CNLD အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ANP ပါတီက မဲ ဆန္ဒနယ် ၁၅ နေရာအထိအနိုင်ရသော်လည်း CNLD ပါတီက ချင်းပြည်နယ်နှင့် ကရင်ပြည်သူ့ပါတီက ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်တစ်နေရာစီသာ အနိုင်ရခဲ့သည်။

ကရင်ပြည်သူ့ပါတီ (KPP) ကို NLD ပါတီမှ တွေ့ဆုံရန် ကမ်းလှမ်းထားမှု ရှိ၊ မရှိ ပါတီဥက္ကဋ္ဌထံ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ သွားရောက်ခဲ့ပြီး ကချင်နှင့် ရှမ်းပြည်နယ်မှ အနိုင်ရတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

မွန်ပြည်နယ်ရှိ မွန်ညီညွတ်ရေးပါတီနှင့်  ကယားပြည်နယ်ရှိ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီတို့နှင့် နေရာညှိနှိုင်းမရ၍ တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

ပြည်နယ်အချို့မှ အနိုင်ရတိုင်းရင်းသားပါတီများနှင့် ဆက်လက်တွေ့ဆုံခြင်း ရှိ၊ မရှိကို ဇန်နဝါရီ  ၂၄ ရက်တွင် ပြုလုပ်မည့် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးပြီးမှ သိရမည်ဖြစ်ပြီး အစည်းအဝေးမှ လမ်းညွှန်ချက်အတိုင်းဆက်လက် ဆောင်ရွက်ရမည်ဟု NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ဝင် ဦးအင်ထုံခါးနော်ဆမ်က ပြောကြားသည်။

“အခု ပြည်နယ်အနေနဲ့  ကျန်တာတော့ ရခိုင်ရယ်၊ ချင်းရယ် ဒါပဲကျန်တော့တယ်လေ။ ကချင်ပြီးပြီ။ ရှမ်းပြီးပြီ။ ဘာပဲဖြစ်ဖြစ် ကယားလည်းသွားပြီးပြီ။ မွန်လည်းသွားပြီပြီ။ ရခိုင်၊ ချင်းအဲဒါပဲကျန်တော့တယ်လေ။ ကျန်တဲ့ ပြည်နယ်ထဲက ပါတီကိုတွေ့မယ်ဆိုရင်တော့ ရခိုင်နဲ့ ချင်းကျန်သေးတာပေ့ါ” ဟု ဦးအင်ထုံခါးနော်ဆမ်က ပြောကြားသည်။

လက်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများအရ ပြည်နယ်များရှိ အနိုင်ရတိုင်းရင်းသားပါတီများကိုသာ တွေ့ဆုံသည့် အနေအထားဟု ယူဆနိုင်ကြောင်း ၎င်းက ဆိုသည်။

“လောလောဆယ်တော့ အဲဒီလိုပြောလို့ရတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ လိုက်တွေ့တဲ့ အနေအထားတွေ ကြည့်လိုက်တဲ့အချိန်မှာ နိုင်တဲ့ကိုယ်စားလှယ်တွေနဲ့ ခပ်များများတွေ့တာတွေ့ရတယ်လေ။ စာပေးတာတော့ ၄၈ ပါတီတော့ ဟုတ်တယ်။ ကျန်တဲ့ဟာတွေရော ပြန်ဆက်လုပ်စရာရှိသေးရင်တော့ ပြန်ဆက်လုပ်မှာပါ။ ခုနမေးသလိုပေ့ါ။ ကျန်တဲ့ပါတီတွေ ဘယ်လိုစဉ်းစားမလဲဆိုတော့ အခု CEC အစည်းအဝေးကျရင် အဲဒီ အကြောင်းတွေတော့ ပါလာမယ်ထင်တယ်” ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်က ပြောကြားသည်။

အစိုးရသစ်လက်ထက်တွင် အမျိုးသားရင်ကြားစေ့ရေး တိုးမြှင့်ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်အရ ယခုကဲ့သို့ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က The Daily Eleven သတင်းစာကို ပြောကြားထားသည်။

Most Read

Most Recent