ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် မြန်မာအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် သောမတ်စ်ဗိုက်ဒါ ပြောကြား

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် မြန်မာအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် သောမတ်စ်ဗိုက်ဒါ ပြောကြား
Published 19 January 2021

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါသည် ၎င်း၏ သံအတ်ခန့်အပ်လွှာကို နိုင်ငံတော်သမ္မတထံသို့ ယနေ့ (ဇန်နဝါရီ ၁၉ ရက်) တွင် နေပြည်တော်၌ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် မြန်မာအစိုးရနှင့်အတူ လက်တွဲဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၊ မြန်မာပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်ရန် ချမှတ်ထားသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက အထူးအလေးပေး ပြောကြားခဲ့ကြောင်း သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံမှာ မကြာသေးမီ နှစ်တွေအတွင်းက အကြီးအကျယ် ပြောင်းလဲခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် အတူတကွ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကတော့ မပြောင်းလဲဘဲ ဆက်လက်ပြီး ရှိနေပါတယ်” ဟု သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားထားသည်။

ရှေ့လာမည့်နှစ်များအတွင်း အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံက ပြည်သူများအကြား ရေရှည်တည်တံ့သော ဆက်ဆံရေးများ တည်ဆောက်ရန်အတွက် ၎င်းအနေဖြင့် မျှော်လင့်နေကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါအနေဖြင့် ၎င်း၏ နေပြည်တော်ခရီးစဉ်အတွင်း အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမိုအားကောင်းစေရေးအတွက် မြန်မာအစိုးရ၏ အကြီးတန်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါသည် ယခင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ သံရုံးဒုတိယအကြီး အကဲအဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့်အတူ ၎င်း၏ဇနီးဖြစ်သူ အေမီဆေဘေ့စ်နှင့် သမီးနှစ်ဦးအနက် တစ်ဦးဖြစ်သူတို့ မြန်မာနိုင်ငံသို့ လိုက်ပါလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါသည် အမေရိကန် တောင်အာရှဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်တာဝန်ပေးရန် သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန် အထက်လွှတ်တော်တွင် အဆိုပြုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် အမေရိကန် ကောင်စစ်ဝန်ချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent