တပ်မတော်မှတာဝန်ရှိသူများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်များ ဆွေးနွေးမှုတွင် BGF မှ နုတ်ထွက်စာတင်ထားသူများ နှစ်လခန့် အချိန်ယူစဉ်းစားရန်ပြောကြားပြီး ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးကိုမူ နုတ်ထွက်ရန်ဖိအားပေး

တပ်မတော်မှတာဝန်ရှိသူများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်များ ဆွေးနွေးမှုတွင် BGF မှ နုတ်ထွက်စာတင်ထားသူများ နှစ်လခန့် အချိန်ယူစဉ်းစားရန်ပြောကြားပြီး ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးကိုမူ နုတ်ထွက်ရန်ဖိအားပေး
ဇန်နဝါရီ ၁၅ ရက်က တပ်မတော်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အရပ်ဝတ်ဖြင့် BGF ခေါင်းဆောင်များကို တွေ့ရစဉ်
ဇန်နဝါရီ ၁၅ ရက်က တပ်မတော်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အရပ်ဝတ်ဖြင့် BGF ခေါင်းဆောင်များကို တွေ့ရစဉ်
Published 16 January 2021
ကိုရွှေသိန်း

တပ်မတော်မှတာဝန်ရှိသူများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ဆွေးနွေးမှုအရ BGF မှ နုတ်ထွက်စာတင်ထားသူများအနေဖြင့် နှစ်လခန့်အချိန်ယူ စဉ်းစားရန်နှင့် BGF ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးကိုမူ ဖိအားပေးဆဲဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ရင်းမှူး ၁၃ ဦးနှင့် အရာရှိအရာခံ ၇၇ ဦးသည် ဇန်နဝါရီ ၁၄ ရက်က အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းရုံးတွင် နုတ်ထွက်စာတင်ခြင်းနှင့်ပတ်သတ်ပြီး တပ်မတော်တာဝန်ရှိသူများနှင့် BGF တပ်ဖွဲ့ခေါင်းဆောင်များသည် ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၁)၊ အမှတ် (၁၀၁၁) တပ်ရင်းအစည်းအဝေးခန်းမတွင်တွင် ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ အမှတ် (၄) စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်အောင်ပိုင်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုမောင်နှင့် တပ်မ ၂၂ မှ တပ်မမှူးတို့တက်ရောက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ကရင်နယ်ခြားစောင့်တပ် (BGF) ဗဟိုကွပ်ကဲရေးနှင့်စည်းကမ်းထိန်းသိမ်းမှ ဗိုလ်မှူးနိုင် မောင်ဇော်က “မနေ့ (ဇန်နဝါရီ ၁၅  ရက်) က ဆွေးနွေးပွဲမှာ BGF တစ်ဖွဲ့လုံး နုတ်ထွက်စာ တင်ခြင်းနှင့်ပတ်သက်ပြီး နှစ်လခန့်အချိန်ယူ စဉ်းစားပြီး ခေတ္တဆိုင်းငံ့ထားဖို့ နှစ်ဖက်သဘော တူညီမှုသာ ရရှိခဲ့ပါတယ်။ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် တပ်မှူးနှစ်ဦးကိုတော့ နုတ်ထွက်ဖို့ ဆက်လက်ဖိအားပေးမှု ရှိနေဆဲပါဘဲ။ အပြီးသတ်ပြေလည်မှု ရလဒ်ဖြစ်မလာသေးဘူး။ BGF တပ်ဖွဲ့တွေ မျှော်မှန်းသလောက် အဖြေတော့မရခဲ့ပါဘူး” ဟု ပြောကြားသည်။

ထို့ပြင်တွေ့ဆုံပွဲသို့ တပ်မတော်တာဝန်ရှိသူများ လာရောက်ချိန်တွင် BGF ဘက်မှ အရပ်ဝတ်ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ပြီး အစည်းအဝေးသို့လည်း အရပ်ဝတ်ဖြင့် တက်ရောက်သဖြင့် စိတ်မကောင်းဖြစ်ပြီး စိတ်ဆိုးသည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တပ်မတော်ဘက်မှ ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ကြောင်း BGF တပ်မှူးတစ်ဦးက ဆိုသည်။

တပ်မတော်က နုတ်ထွက်ရန်ဆက်လက် ဖိအားပေးခံနေရသူနှစ်ဦးမှာ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူနှင် ့ဗိုလ်မှူးစောတင်ဝင်းတို့ဖြစ်ကြောင်း သိရသည်။

အထက်ပါခေါင်းဆောင်နှစ်ဦးနှင့် တပ်နယ် ၄ တပ်နယ်မှူးလည်းဖြစ်သည့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန် စုစုပေါင်းသုံးဦးကို နုတ်ထွက်စာ တင်ခိုင်းခဲ့သော်လည်း ဇန်နဝါရီ ၈ ရက်တွင် ဗိုလ်မှူးစောမုတ်သုန် တစ်ဦးသာ နုတ်ထွက်စာတင်ခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် ဗိုလ်မှူးကြီးစောချစ်သူနှင့် ကျန်တပ်မှူးများလည်း နုတ်ထွက်စာတင်ခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ခေါင်းဆောင်သုံးဦးအား နုတ်ထွက်ုခိုင်းခြင်းသည် နယ်ခြားစောင့်တပ်ပိုင်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်သည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

အဆိုပါ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ တပ်ပိုင်းဆိုင်ရာအရေးယူမှုများပြုလုပ်ရန် ညွှန်ကြားထားပြီး အရေးယူမှုများပြုလုပ်ထားသည့် အခြေအနေအား ပြန်လည်တင်ပြကြောင်း၊ နယ်ခြားစောင့်တပ်ကိစ္စကိုလည်း တပ်မတော်ကွပ်ကဲမှုအောက်တွင် ရှိသဖြင့် တပ်မတော်ကဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သည့် သမ္မတအိမ်တော် သတင်းစာရှင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ယင်းစီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၇၁၄ ဦး၊ အခြားနိုင်ငံသား ၇၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၂၇၈၅ ဦးအား ပြန်လည်စေလွှတ်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်အထိ တရုတ်နိုင်ငံသား ၈၈၈ ဦးနှင့် အခြားနိုင်ငံသား နှစ်ဦး စုစုပေါင်း ၈၅၀ အား ပြန်လည်စေလွှတ်ခဲ့ကြောင်း ကျန်နိုင်ငံခြားသားများကို စစ်ဆေးမှုများပြုလုပ်လျက် ရှိကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် DKBA အဖွဲ့မှ တပ်ရင်း ၁၂ ရင်းနှင့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent