နေပြည်တော်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ တစ်စုံတစ်ရာ တိုင်ကြားထားခြင်း မရှိသော်လည်း တာဝန်ရှိသူများက တာဝန်ရှိသည့်အလျောက် ပြန်လည်စိစစ်မှုများရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့််ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နေပြည်တော်ရှိ၊ သမ္မအိမ်တော်သတင်းစာရှင်းလင်းခန်းမဆောင်တွင် ဇန်နဝါရီ ၈ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Myanmar Now သတင်းဌာနက မေးမြန်းသည့် ဦးရဲမင်းဦးအနေဖြင့် အစိုးရရာထူး တာဝန်ယူပြီးသည့်အချိန်တွင် ရှမ်းပြည်နယ်၌ ၎င်းဦးဆောင်ခဲ့သည့် ကုမ္ပဏီအကြွေးများနှင့်ပတ်သက်၍ အစည်းအဝေးအား ၎င်းကိုယ်တိုင်ဦးဆောင်၍ တက်ရောက်ခဲ့ကြောင်းနှင့် ၎င်းတာဝန်ယူထားသည့် အချိန်အတွင်း စီးပွားရေးနယ်ပယ်၌ ပတ်သက်မှုများ တွေ့ ရှိရသည့်အတွက် ဦးရဲမင်းဦးအပေါ် စုံစမ်းဆေးနေခြင်းရှိသလားဟု မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းမှုကိုဦးဇော်ဌေးက"အခုလောလောဆယ် ရွေးကောက်ပွဲအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ပါတယ်။ အဲဒီ Review Process မှာ သူတို့လည်း အကျုံးဝင်တယ်။ ကျွန်တော်တို့ဒီဘက်အပိုင်းမှာတော့ နေပြည်တော်ကောင်စီပိုင်း မဟုတ်ဘူး။ စည်ပင်ပိုင်းမှာ ပါဝင်ပတ်သက်တယ်။ ပါဝင်ပတ်သက်တဲ့ အပိုင်းမှာတော့ အခုအချိန်အထိ တစ်စုံတစ်ရာ တိုင်ကြားတာ ကျွန်တော်တို့ဆီမှာ မရှိဘူး။ စည်ပင်ဘဏ်ကိုင်တယ်။ ဒုတိယ မြို့တော်ဝန်လုပ်တယ်။ အဲအပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ဆီမှာ တစ်စုံတစ်ရာ တိုင်ကြားမှုမရှိဘူး။ ရှမ်းပြည်နယ်ကိုသွားတဲ့ ကိစ္စတွေ။ ဒါတွေကတော့ သက်ဆိုင်တဲ့ တာဝန်ရှိသူပေါ့၊ နောက် စည်ပင်ဆိုလည်း စည်ပင်ရှိမယ်။ ပါတီဆိုလည်း ပါတီရှိမယ်။ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက စိစစ်ပါလိမ့်မယ်" ဟု ပြောကြားသည်။
စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ပတ်သက်ခြင်းနှင့်ပတ်သက်ပြီး ကာယံကံရှင် ဦးရဲမင်းဦးကိုယ်တိုင် ပြန်လည်ရှင်းလင်းထားကြောင်းနှင့် ၎င်းအနေဖြင့် မိသားစုစီးပွားရေးနှင့် ကိုယ်ပိုင်လုပ်ပိုင်ခွင့်အပိုင်း၌ ရှုပ်ထွေးနေမှုအပေါ် ပြောဆိုရန်ခက်ခဲကြောင်း ဦးဇော်ဌေးက ဆိုသည်။
“နောက်အချက်တော့ ကျန်တဲ့စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပတ်သက်ခြင်းအပိုင်းပေါ့။ အဲ့ဒါနဲ့ပတ်သက်လို့ ကာယံကံရှင်လည်း တော်တော်များများ ရှင်းပြတာတွေ့ရတယ်ပေါ့။ တွေ့တဲ့အပိုင်းမှာတော့ မိသားစု Business နဲ့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ပေါ့။ ဒီအပိုင်းမှာရှုပ်ထွေးတာ နည်းနည်းလေးလေး ပြောရတာခက်ပါတယ်။ ခက်တော့ ဘယ်လောက်အထိ Involve (ပါဝင်) ဖြစ်လဲ။ မဖြစ်လဲဆိုတာပြောဖို့ခက်တာပေါ့။ Social media မှာ မျိုးစုံပြောနေတာပေါ့။ ခင်ဗျားတို့ Myanmar now မှာ တော်တော်များ ရေးထားပြီးသားဖြစ်ပါတယ်။ အဲအပိုင်းမှာတော့ တာဝန်ရှိတဲ့လူကြီးတွေက တာဝန်ရှိတဲ့အလျောက် ပြန်ပြီးကြည့်တာရှုတာ စိစစ်တာတွေ ရှိတာပေါ့နော်။ အဲလိုပဲ ပြောလိုပါတယ်” ဟု ဆက်လက်ပြောကြားသည်။
နောက်လာမည့် အစိုးရအသစ်သည် လက်ရှိအစိုးရမှ အခြေခံကာဖွဲ့စည်းသွားမည်ဖြစ်သည့်အတွက် အကျိုးစီးပွားပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်မူဝါဒများ၊ အစိုးရဝန်ထမ်းနှင့် ပုဂ္ဂလိကဆိုင်ရာ အကျိုးစီးပွားများ၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများအား အသစ်ချမှတ်သွားရန်အတွက် စဉ်းစားဆောင်ရွက်သွားရန် ရှိသလားဟု Myanmar Now သတင်းဌာနက ဆက်လက်မေးမြန်းခဲ့သည်။
ယင်းသို့မေးမြန်းမှုအပေါ် ဦးဇော်ဌေးက "ကျွန်တော်တို့အတိုင်ပင်ခံ နှစ်သစ်ကူးမိန့်ခွန်းမှာ နောင်လာမယ့်ငါးနှစ်ကို သွားတဲ့အခါမှာ ခွာပြီးသွားရမယ်ဆိုတဲ့ဟာ ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ခွာပြီးသွားရမယ်။ ပြီးရင် အဂတိလိုက်စားမှု မရှိရဘူးဆိုတာလည်း ပါတယ်။ ဒါကလူကြီးရဲ့ လမ်းညွှန်ချက်မူပဲ။ ဒီမူအတိုင်းပဲ သွားဖို့လိုတယ်" ဟု ပြောကြားသည်။