ငြိမ်းချမ်းရေးနှင့် အပြန်အလှန်ယုံကြည်နားလည်မှု

ငြိမ်းချမ်းရေးနှင့် အပြန်အလှန်ယုံကြည်နားလည်မှု
Published 6 January 2021

ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ MUP တို့ တွေ့ဆုံမည့်နေရာညှိနှိုင်းမရဖြစ်ကာ တွေ့ဆုံပွဲ ပျက်ပြယ်ခဲ့ရသည့် သတင်းသည် မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဝေဖန်သံများနှင့် ပြည်သူများအကြား အပြောများသည့် ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ NLD အနေဖြင့် ပြည်နယ်များသို့ သွားရောက်၍ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ရုံးများတွင်သာတွေ့ဆုံရန် NLD အလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားချက်ရှိခဲ့သည်ဟု NLD ၏ တွေ့ဆုံရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုကဆိုသည်။ တိုင်းရင်းသား ပါတီဘက်မှလည်း NLD ပါတီရုံးထက် ကြားနေရာတွင်သာ တွေ့ဆုံရန် တောင်းဆိုပြီးနေရာကိစ္စ အဆင်မပြေသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရသည်။ ယခုကဲ့သို့ နေရာကိစ္စဖြင့် ဆွေးနွေးပွဲ အထမမြောက်လျှင် အခြားသော ငြိမ်းချမ်းရေးဆွေးနွေးမှု ခရီးလမ်းအတွက် ကောင်းနိုင်ပါ့မလား၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ငြိမ်းချမ်းရေးအတွက်ရှိလာနိုင်သည့် အပေးအယူများ ဆုံးဖြတ်ချက်များ အောင်မြင်မှုရပါ့မလားစသဖြင့် မေးခွန်းထုတ်ဝေဖန်သံများရှိလာခဲ့သည်။ NLD မှ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရာတွင် လုပ်ပိုင်ခွင့်မရှိဘဲ သဘောထားနားထောင်ရုံသက်သက်ဆိုလျှင် အလုပ်ဖြစ်ရန် ခက်ခဲမည်ဟု အနိုင်ရတိုင်းရင်းသားပါတီအချို့ကလည်း ထောက်ပြလာကြသည်။

မည်သို့ပင်ဆိုစေ တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အခက်အခဲများ၊ ကျော်လွှားရမည့် စိန်ခေါ်မှုများ ရှိနေသည်ဆိုသည်မှာ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းရေးခရီးနီးပြီလား၊ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းပဋိပက္ခများ အဆုံးသတ်ရေးဆိုသည်မှာ ဖြစ်နိုင်ပါ့မလားတွေးလေ ရင်မောဖွယ်ကောင်းလေပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်အရှည်ကြာဆုံးနှင့် ယင်း၏အဆိုးရွားဆုံးသက်ရောက်မှုဒဏ်ကို ကာလရှည်လျားစွာ ခံစားကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာလာသည့်တိုင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရန်ပင် ခက်ခဲနေသည်မှာ အဘယ်ကြောင့်ပါနည်း။ ပဋိပက္ခများ အမှန်တကယ်အဆုံးသတ်နိုင်ရန် မည်သည့်နည်းလမ်းသည် အကောင်းဆုံးဖြစ်ပါမည်နည်း။  ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် တိုင်းရင်းသားများ စုံလင်စွာဖြင့် မှီတင်းနေထိုင်နေကြသည်။ မည်သို့ပင်ဆိုစေ ငြိမ်းချမ်းသော အတူယှဉ်တွဲနေထိုင်ရေးကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် တိုင်းရင်းသားအားလုံးက လိုလားကြမည်ဟုဆိုရပါမည်။ သို့သော် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလသို့ ရောက်ရှိလာသည့်တိုင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ ပဋိပက္ခများ၊ လူမျိုးရေးကို အခြေခံသောအယူအဆသဘော ထားကွဲလွဲနေမှုများသည် စစ်မှန်သောငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် ကြီးမားသော ကွက်လပ်တစ်ခု ဖြစ်နေပေသည်။ ယခင်အစိုးရလက်ထက်က တိုင်းရင်းသားများအကြား ယုံကြည်မှုတည်ဆောက်ရေး ကြိုးပမ်းမှုလွယ်ကူခြင်းမရှိသကဲ့သို့ NLD အစိုးရလက်ထက်တွင်လည်း မွန်နှင့် လားဟူအဖွဲ့နှစ်ဖွဲ့ NCA လက်မှတ်ထိုးခဲ့သော်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြန်သည်။

အတိတ်ကိုပြန်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုသည်များစွာအရေးကြီးသည် ဆိုသည့်အချက်ကို အလေးအနက်ထားသည့်အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းရာတွင် တောင်တန်းပြည်မမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးရရှိရန် အလေးထားဆောင်ရွက်ခဲ့သည်။ ၁၉၄၅ သြဂုတ် ၁၅ တွင် ဂျပန်များစစ်ရှုံး၍ လက်နက်ချပြီးနောက် အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသောအခါ လွတ်လပ်ရေးအတွက် တောင်တန်းဒေသများ၏ သဘောတူညီမှုရရှိရန် ကချင်တိုင်းရင်းသားများကို စည်းရုံးရန် ကြိုးစားခဲ့သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၈ တွင် ဗိုလ်ချုပ်သည် ကချင်ပြည်နယ်သို့ ရောက်ရှိစဉ် မြေပြန့်တောင်တန်း သွေးစည်းညီညွတ်ရေးအတွက် ကချင်ဒေသခံလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် “ဗမာ တစ်ကျပ်၊ ကချင်တစ်ကျပ် တန်းတူအခွင့်အရေးရမည်” ဟု တိုင်းရင်းသားများနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ပြောကြားချက်သည် သမိုင်းတွင်ခဲ့သည်။ ယနေ့တိုင် ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင် တိုင်းရင်းသားများအနေဖြင့် ပင်လုံသဘောတူညီချက်များအပေါ် ထောက်ပြခြင်း၊ ကချင်တစ်ကျပ်၊ ဗမာ တစ်ကျပ်၊ ကရင်တစ်ကျပ်စသဖြင့် တန်းတူညီမျှရေးအပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ယင်းမေးခွန်းများအပေါ် မည်သို့ဖြေရှင်းကြမည်နည်း။ ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် မည်သည့်အရာသည် အတားအဆီးများ ဖြစ်နေသနည်း။ မည်သို့သော မူဝါဒသည် အားလုံးအတွက် လက်သင့်ခံနိုင်သည့် အခြေအနေမျိုးကို ဖန်တီးနိုင်မည်နည်း။

မည်သို့ပင်ဆိုစေ စိန်ခေါ်မှုများစွာရှိနေသော ငြိမ်းချမ်းရေးပြဿနာရပ်တွင် ဘုံသဘောတူညီချက်များ ပျောက်ဆုံးပါက တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုရရှိနိုင်ရန် မည်သည့်နည်းဖြင့်မျှ ဖြစ်မလာနိုင်ပေ။ ထိုအခါ မြန်မာနိုင်ငံ၌ နှစ်ပေါင်းရှည်ကြာလှပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ထွန်းရေးသည် လျင်လျင်မြန်မြန်ဖြစ်ပေါ်လာရန် လွယ်ကူနိုင်မည်မဟုတ်ပါ။ အပြန်အလှန် နားလည်လက်ခံလိုစိတ်များနှင့် အတ္တမာနများအပေါ် သုံးသပ်ပြင်ဆင်နိုင်မှသာ ငြိမ်းချမ်းခရီးလမ်း ဖြောင့်ဖြူးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent