NLD ပါတီက တိုင်းရင်းသား ပါတီများနှင့်တွေ့ဆုံပြီး ဘုံသဘောတူညီချက် ရရှိအောင် ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်အပေါ် ကြိုဆိုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ပြောကြား

NLD ပါတီက တိုင်းရင်းသား ပါတီများနှင့်တွေ့ဆုံပြီး ဘုံသဘောတူညီချက် ရရှိအောင် ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်အပေါ် ကြိုဆိုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ပြောကြား
Published 18 December 2020
ဘိုဘိုမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံပြီး သဘောတူညီချက်ရရှိအောင် ညှိနှိုင်း ဆွေးနွေးမည့်အစီအစဉ်အပေါ် ကြိုဆိုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း NLD ပါတီမှ အိတ်ဖွင့်ပေးစာပေးပို့လာသည့် အချိန်တွင် မွန်ညီညွတ်ရေး ပါတီအနေဖြင့် သဘောထားချမှတ်ထားခြင်းရှိကြောင်း၊ ယင်းအိတ်ဖွင့်ပေးစာအပေါ်တွင်လည်း ဖိတ်ကြားသည့်အဓိပ္ပာယ်လည်းမဟုတ်ဘဲ တစ်စုံတစ်ခုကို ဆွေးနွေးရန် ကမ်းလှမ်းထားခြင်း လည်းမဟုတ်သည့်အတွက် ယင်းစာအပေါ်တွင် အကြောင်းပြန်ရန် မလိုအပ်ကြောင်း သဘောထားချမှတ်ခဲ့ကြောင်းနှင့် သို့သော်လည်း ယင်းအိတ်ဖွင့်ပေးစာပေးပို့လာသည့် အပေါ် ကြိုဆိုအသိအမှတ်ပြုကြောင်းကို ပါတီဗဟိုလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုလယိတမက ပြောကြားသည်။

“အခု NLD ပါတီ CEC အစည်းအဝေး နောက်ပိုင်းမှာ မီဒီယာတွေမှာ ကြားရတဲ့ သတင်းတွေအရ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ပြီးတော့ တိုင်းရင်းသားပါတီတွေနဲ ့တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့ ဘုံသဘောတူညီချက်ရအောင် ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိတယ်။ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဖို့ရှိတယ်ဆိုတဲ့ သတင်းအပေါ်မှာ ကျွန်တော်တို့က ဒါကို ကြိုဆိုတယ်။ ကျွန်တော်တို့အနေနဲ့လည်း တွေ့ဖို့အသင့် ပြင်ထားပါတယ်။ ကျွန်တော်တို့က ဘယ်လို ပဲဖြစ်ဖြစ် အနာဂတ်နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ဒီလိုတိုင်းရင်းသားနိုင်ငံရေးပါတီ တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့ ဘုံ သဘောတူညီချက်ရအောင် ညှိနှိုင်းဆွေးနွေး သွားမယ်ဆိုတဲ့ NLD ရဲ့ သဘောထားကို ကြိုဆိုပါတယ်” ဟု နိုင်လယိတမက ပြောကြားသည်။

NLD ပါတီက တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့တွင် ဒေါက်တာ အောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံခါးနော်ဆမ်တို့ပါဝင်ပြီး ၎င်းတို့သုံး ဦးလုံးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြင်ဆင်ထားတာက NLD ပါတီနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်တော် တို ့တိုင်းရင်းသားတွေအပါအဝင် ကျွန်တော် တို့ပါတီဘက်ကရပ်တည်တဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေနဲ့ပတ်သက်ပြီးတော့ ပြင်ဆင်ထားတာရှိပါတယ်။ ဒီပြင်ဆင်ချက်တွေကိုလည်း အခြားသောတိုင်းရင်းသားပါတီတွေနဲ့လည်း ညှိနှိုင်းဆွေးနွေးနေပါတယ်။တိုင်းရင်းသားပါတီအားလုံး NLD နဲ့ ဆွေး နွေးတဲ့အခါမှာ တစ်သဘောတည်း၊ တစ်သံ တည်းထွက်ဖို ့ကျွန်တော်တို ညှိနှိုင်းနေဆဲအ ခြေအနေပါ” ဟု နိုင်လယိတမက ပြောကြား သည်။

နိုဝင်ဘာ ၈ ရက်ကပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးကိုယ် စားလှယ်နေရာအပါအဝင် မဲဆန္ဒနယ် ၅၄ နေရာကို ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ကိုယ်စားလှယ် ၃၁ ဦးနှင့် မွန်ညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ်လောင်း ၁၄ ဦး အနိုင် ရရှိခဲ့ကြကြောင်း သိရသည်။    

        

Most Read

Most Recent