COVID-19 ကာလတွင် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရမည်ဖြစ်သော်လည်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု အဆင်ပြေရေးနှင့် အတားအဆီးမရှိစေရေး ဖြေလျှော့ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံသို့ ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

COVID-19 ကာလတွင် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရမည်ဖြစ်သော်လည်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု အဆင်ပြေရေးနှင့် အတားအဆီးမရှိစေရေး ဖြေလျှော့ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံသို့ ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
(၁၉) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ဖွင့်ပွဲကိုတွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
(၁၉) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ဖွင့်ပွဲကိုတွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 15 December 2020

COVID-19 ရောဂါကာလတွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ရမည်ဖြစ်သော်လည်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေးနှင့် အတားအဆီးမဖြစ်စေရေး ဖြေလျှော့မှုများ ဆောင်ရွက်ပေးရန် တရုတ်နိုင်ငံသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တိုက်တွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သည့် (၁၉) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါကာလတွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရမည်ဖြစ်သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စေမှုရှိစေရန်နှင့် အတားအဆီးမဖြစ်စေရန် သင့်တော်သည့် ဖြေလျှော့မှုများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ငွေရေးကြေးရေးချိတ်ဆက်ရေးနှင့် ပြည်သူချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိကြောင်း၊ လက်ရှိတွင် COVID-19 ကပ်ရောဂါကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို သက်ရောက်မှုများ ရှိခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ရေးမှူး မစ္စတာလျှိုဟုန်ကျန်းက ပြောကြားသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရည်အသွေးသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှုလုပ် ထုံးလုပ်နည်းများကို အပြန်အလှန်အသိပေးခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းများ ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ နယ်စပ်ဒေသတွင် တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် နှစ်နိုင်ငံ ကြိုးပမ်းဆောင်ရွက်ကြရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြင့် ကုန်သွယ်မှုဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ နှစ်လခန့်တွင် မူဆယ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၄၈၀ ကျော် ရှိသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၃၂၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လွယ်ဂျယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀ ကျော် ပိုမိုဆောင်ရွက်ထားသည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၈၀ ခန့်ရှိသော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၀ ခန့်လျော့ကျခဲ့သည်။

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၆၀ ကျော်ဆောင်ရွက်ထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာငါးသန်းကျော် ပိုမိုဆောင်ရွက်ထားသည်။

Most Read

Most Recent